ကွမ်းခြံကုန်း ၅ အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင်  We Love Kungyangon အဖွဲ့မှ အခမဲ့ဖျားနာကုဆေးခန်း (Fever Clinic) ဖွင့်လှစ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိပြီး အဆိုပါ ဖျားနာကုဆေးခန်းudk မြို့ဦးထိပ် မင်းသုဝဏ်ဖောင်ဒေးရှင်းပိုင် ဖိုးကြာဇံခန်းမဘေး မြေနေရာတွင် တည်ဆောက်လျက်ရှိရာ ယခုအခါရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့နေမှုကို ထိန်းချုပ်ကာကွယ်နေသော အချိန်ဖြစ်၍ မြို့ပေါ်ရှိ ဆေးခန်း အများစု ပိတ်ထားပြီး ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်ရန် အခမဲ့ဖျားနာကုဆေးခန်း တစ်ခု ဖွင့်လှစ်နိုင်ရန် လိုအပ်နေသဖြင့် We Love Kungyangon အဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဆေးခန်းကို တစ်ပတ်လျှင် (၄)ရက်၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပဒေး၊ သောကြာနေ့များတွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး လုပ်အားပေး ဆရာဝန် (၃)ဦး၊ သူနာပြု(၅)ဦးနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ သဒ္ဓါဖြူနှင့် တွဲလက်ကလေးများ လူမှု ကူညီရေးအဖွဲ့မှအဖွဲ့ဝင်များ၊ We Love Kungyangon အဖွဲ့ဝင်များက ပူးပေါင်းကူညီဆောင်ရွက် ကြမည်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသော ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ အောက်တိုဘာ ၆ ရက် နံနက် ၈ နာရီတွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမည်ဖြစ်ကြောင်း We Love Kungyangon အဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)