ပွင့်ဖြူ ၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဇွန်လ၂၈ ရက်နေ့က ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် အိမ်ထောင်စုဝင်များအား တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကမ်းပါးပြိုပြောင်းရွှေ့ရသည့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ရာတွင် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် က အချိန်အခါမရွေး ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးမှုများ လျော့နည်း သက်သာစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိရန်ကိစ္စရပ်များနှင့် ထောက်ပံ့ငွေများ အား အကျိုးရှိရှိ သုံးစွဲသွားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက မြစ်ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရသည့် ပွင့်ဖြူမြို့နယ် သံကိုင်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာမှ လူနေအိမ် ၆ လုံး၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာမှ လူနေအိမ် ၁ လုံး၊ အရှေ့လေးအိမ်ကျေးရွာအုပ်စု၊ မြင်းခြံစုကျေးရွာမှ လူနေအိမ် ၉ လုံး၊ စုစုပေါင်း ပြောင်းရွှေ့လူနေအိမ် ၁၆ လုံးအတွက် တစ်အိမ်လျှင် ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၁၆ သိန်း ကိုလည်းကောင်း၊ ပြောင်းရွှေ့အိမ်ထောင်စုဝင် စုစုပေါင်းလူဦးရေ ၆၆ ဦးအတွက် လူတစ်ဦးလျှင် စားနပ်ရိက္ခာ ဆန်ဖိုးငွေကျပ် ၂၁၀ဝ နှုန်းဖြင့် ထောက်ပံ့ငွေ ကျပ် ၁၃၈၆၀ဝ ကိုလည်းကောင်း တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ် ခဲ့သည်။
အလားတူ ယနေ့ နံနက် ၉ နာရီခွဲက မြစ်ကမ်းပါးပြိုကျမှုကြောင့် အရှေ့လေးအိမ်ကျေးရွာအုပ်စု၊ မြင်းခြံစုကျေးရွာမှ လူနေအိမ် ၃ လုံး ထပ်မံပြောင်းရွှေ့ရမှုအတွက် တစ်အိမ်လျှင် ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းနှင့် ပြောင်းရွှေ့အိမ်ထောင်စုဝင် လူဦးရေ စုစုပေါင်း ၁၄ ဦးအတွက် စားနပ်ရိက္ခာဆန်ဖိုးငွေကျပ် ၂၉၄၀ဝ တို့အား တစ်ပါတည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


