ရန်ကုန် ၃၀ ဇွန်
ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်ပြည်သူများမှ ရခိုင်ပြည်နယ်တွင် ပြေးဆွဲအသုံးပြုရန် အတွက် ပေးပို့လှူဒါန်းသည့် ကမ်းရိုးတန်းသွား ကစ္ဆပနဒီ (၃) ခရီးသည်တင် အမြန် ရေယာဉ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ(၂) နာရီတွင် ရန်ကုန်မြို့ အထက်ပန်းဆိုးတန်းလမ်းရှိ ROSE GARDAN ဟိုတယ်တွင် ကျင်းပသည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်က ရခိုင်ပြည်နယ်ဒေသသည် မြန်မာနိုင်ငံ၏ အနောက်ဖက် ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တည်ရှိပြီး မြစ်၊ ချောင်းများပေါများသည့် အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ရေလမ်းခရီးကို အဓိက အားကိုးအားထား အသုံးပြုနေ ရပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်ရှိ ခရီးသွားပြည်သူများ ရေကြောင်းလမ်းခရီးကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရေးအတွက် လုံခြုံစိတ်ချသည့် ခေတ်မီ ရေယာဉ်များ လိုအပ်လျက်ရှိနေပါကြောင်း။ အထူးသဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်း ဒေသသည် တစ်နေရာနှင့်တစ်နေရာ သွားလာရာတွင် ပင်လယ်ကမ်းရိုးတန်း တစ်လျှောက် ဖြတ်သန်းသွားလာရသည့်အတွက် အန္တရာယ်ကင်းစွာ ဖြတ်သန်းသွား လာနိုင်သည့် ကမ်းရိုးတန်းသွား ခရီးသည်တင် အမြန်ရေယာဉ်များ လိုအပ်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထူး အလေးထားဆောင်ရွက်လျက်ရှိရာ ရခိုင်ဒေသအတွက် လုံခြုံစိတ်ချရသည့် ခေတ်မီ ကမ်းရိုးတန်းသွား လူစီးအမြန်ရေယာဉ်များ အမြန်ဆုံးရရှိနိုင်ရေး၊ ဂျပန်နိုင်ငံ အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည့်အတွက် ယခုကဲ့သို့ ခရီးသည်တင် အမြန်ရေယာဉ် (၃) စီးအား ဂျပန်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့်အစီအစဉ် စတင်အကောင်အထည်ပေါ် လာခဲ့ခြင်းဖြစ်ပါကြောင်း။
ပထမအကြိမ်အနေဖြင့် ဂျပန်ယန်းသန်း (၅၀ဝ)တန်ဖိုးရှိ ဂျပန်နိုင်ငံတွင် အသုံးပြု နေဆဲ ရေယာဉ်များကို ကစ္ဆပနဒီ(၁)နှင့် ကစ္ဆပနဒီ(၂)ရေယာဉ်များအဖြစ် အမည်ပေး၍ မြန်မာနိုင်ငံသို့ပေးပို့ခဲ့ရာ ကစ္ဆပနဒီ(၁)သည် ၂၀၁၇ ခုနှစ် မတ် ၁၄ ရက်တွင် မြန်မာနိုင်ငံ ကျောက်ဖြူမြို့သို့ရောက်ရှိလာခဲ့ပြီး ၂၀၁၇ ခုနှစ် ဧပြီ ၁၀ ရက်မှ စတင်ကာ စစ်တွေ-မြေပုံ-ကျောက်ဖြူ ခရီးလမ်းကြောင်းတွင် ပြေးဆွဲလျက်ရှိပါကြောင်း။ ကစ္ဆပနဒီ (၂) ရေယာဉ်သည် ၂၀၁၇ ခုနှစ် ဇူလိုင် ၂၅ ရက်တွင် ရောက်ရှိလာခဲ့ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁ရက်မှ စတင်၍ စစ်တွေ-မြေပုံ-ကျောက်ဖြူ ခရီးလမ်းကြောင်းတွင် အားဖြည့်ပြေးဆွဲပေးလျက် ရှိပါကြောင်း။
ယခုလွှဲပြောင်းပေးအပ်မည့် ကစ္ဆပနဒီ-၃ ရေယာဉ်သည် ဂျပန်နိုင်ငံ၏ Grant Aid for the Economic and Social Development Program 2016 အစီအစဉ်ဖြင့် ဂျပန် ပြည်သူများက ပေးအပ်လှူဒါန်းသည့် ဂျပန်ယန်း သန်း(၁၀ဝ၀)နှင့် ဂျပန်နိုင်ငံ စုမိဒဂဝ သင်္ဘောကျင်း(Sumidagawa Shyard)တွင် အသစ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း။
ယခုလွှဲပြောင်းရရှိသည့် ကစ္ဆပနဒီ(၃)ရေယာဉ်သည် ကမ်းရိုးတန်းရေယာဉ် အမျိုး အစားဖြစ်သည့်အတွက် စစ်တွေ-ကျောက်ဖြူခရီးလမ်းကို ကမ်းရိုးတန်းပင်လယ်ပြင်ကို ဖြတ်သန်း၍ တိုက်ရိုက်ခရီးစဉ် ပြေးဆွဲပေးသွားမည်ဖြစ်ပါကြောင်း။ စစ်တွေ- ကျောက်ဖြူ ခရီးလမ်းကို ယခင်က မြစ်ကြောင်းအတွင်းလမ်းမှသာ ခုတ်မောင်းခဲ့ရသည့်အတွက် ခုတ်မောင်းချိန် ၇ နာရီခန့် ကြာမြင့်ခဲ့သော်လည်း ယခုအခါ ကမ်းရိုးတန်း အပြင်လမ်းမှ ခုတ်မောင်းနိုင်မည် ဖြစ်သည့်အတွက် ခုတ်မောင်းချိန် ၄ နာရီခန့်သာ ကြာမြင့်တော့ မည်ဖြစ်ပါကြောင်း။
နဂိုးချုပ်အနေဖြင့် ရခိုင်ပြည်နယ်သူ ပြည်နယ်သားများအတွက် ရခိုင်ပြည်နယ်၏ ရေကြောင်းသယ်ယူပို့ဆောင်ရေးကို တစ်ခေတ်ဆန်းသစ်စေသော မှတ်ကျောက်တင်ရ မည့် သမိုင်းဝင် မှတ်တိုင်တစ်ခုဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဂျပန်နိုင်ငံ မြေယာအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့်ခရီးသွား လာရေးဝန်ကြီးဌာနမှ Mr. Masashi Adachi နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု တို့က အမှာစကားပြောကြားသည်။ ထို့နောက် ကစ္ဆပနဒီ (၃) ခရီးသည်တင် အမြန်ရေ ယာဉ်သစ်တည်ဆောက်နေမှုမှတ်တမ်း ဗီဒီယိုအားပြသသည်။
ထို့နောက် ဂျပန်နိုင်ငံ၊ မြေယာအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ Mr.Masashi Adachi က ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ထံသို့ ကစ္ဆပနဒီ(၃)ခရီးသည်တင် အမြန်ရေယာဉ်သစ်လွှဲပြောင်းပေးအပ်ခြင်း အထိမ်းအမှတ် ရေယာဉ်ပုံစံငယ်အားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဂျပန် နိုင်ငံ မြေယာအဆောက်အအုံ၊ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ Mr. Lchiro Maruxama ထံသို့ အမှတ်တရလက်ဆောင်ပစ္စည်းများကိုလည်းကောင်း ပေးအပ်ကြသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတို့အား အမှတ်တရလက်ဆောင်ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


