ကန့်ဘလူ ၂၃ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ကျေးလက်ဒေသများရှိ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုရန်ပံ့ငွေ ကျပ်သန်း ၅၈၅ ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လုပ်ငန်းများတွင် ကျေးလက်ဒေသများရှိ လမ်းများကို အသစ်ဖောက်လုပ်ခြင်း၊ အဆင့်မြှင့်တင် ခင်းကျင်းခြင်း၊ ယင်းလမ်းများ တစ်လျှောက်နှင့် အခြားလိုအပ်သော နေရာများတွင် Box Culvert များ၊ ရေကျော်နှင့် ကွန်ကရစ်တံတားများကို တင်ဒါအောင်ကုမ္ပဏီများက တာဝန်ယူဖောက်လုပ် တည်ဆောက်လျက်ရှိရာ စံချိန်စံညွှန်းများနှင့်အညီ အချိန်မှီပြီးစီးရေး၊ အရည်အသွေးပြည့်မီ မှန်ကန်ရေးတို့အတွက် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဒေါ်နွေးတင့်လှိုင်နှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ယင်းလုပ်ငန်းများအနက် သရက်တာကျေးရွာအဝင် ၃၆ ဒသမ ၅ မီတာရှိကွန်ကရစ်တံတားကို Ocean Myanmar ဆောက်လုပ်ရေးကုမ္ပဏီမှ ယခုနှစ်ဖေဖော်ဝါရီလက စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ၈၀ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ ထို့ပြင် ထန်းကုန်း-ဇီးပင်သာ-ရဲဒွေး-ထိန်တော-သရက်တာ-ကျေးပင်အက်ကျေးရွာချင်းဆက်လမ်းတွင် (မြေ+ဂျင်း) ခင်းခြင်းနှင့် ဂျင်းခင်းခြင်း၊ ယင်းလမ်းပေါ်၌ Box Culvert သုံးစင်နှင့်ရေကျော်တည်ဆောက်ခြင်း၊ အမှတ်(၃) ခရိုင်ချင်းဆက်လမ်းမှ ရွာသာယာကျေးရွာ အဝင်လမ်း(မြေ+ဂျင်း)ခင်းခြင်းလုပ်ငန်း၊ မြေမွန်-စကျင်ကျေးရွာချင်းဆက်လမ်း ဂျင်းခင်းခြင်း၊ မူးဘောင်မှမိုးကြိုးကျေးရွာ အဝင်လမ်းဂျင်းခင်းခြင်းနှင့် ကိုးထောင်ဘို့-ဇီးကနားကျေးရွာချင်းဆက်လမ်းတွင် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


