ကန့်ဘလူ ၂၉ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်းအဆင့် တိုးမြှင့်ဖွင့်ပွဲကို အဆိုပါကျောင်းရှေ့၌ ဇွန် ၂၉ ရက်နံနက် ၁၀ နာရီက ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှိုင်မြင့်ဟန်၊ မြို့နယ်ပညာရေးမှူး ဒေါ်ညို၊ ဇင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှသော်နှင့် အထက(ဖင်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှိုင်မြင့်ဟန်က အခြေခံပညာအထက်တန်းကျောင်းဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာလှိုင်မြင့်ဟန်နှင့် မြို့နယ်ပညာရေးမှူးဒေါ်ညိုတို့က အမှာစကားပြောကြားသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီးဒေါ်ညွန့်ညွန့်ဝင်းက ကျောင်းသမိုင်းအကျဉ်းချုပ်ကို ရှင်းလင်းပြောကြားပြီး ကျေးရွာရပ်မိရပ်ဖ ဦးအောင်ကျော်ဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ကျောင်းဖွင့်ပွဲအမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ဘင်ခရာအဖွဲ့နှင့်ကဗျာလွတ်အကအဖွဲ့တို့အား ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါ ဇင်းကျေးရွာ အထကကျောင်းသည် ၇ ဒသမ ၂၂ ဧကကျယ်ဝန်းပြီး ၁၉၆၂ ခုနှစ်က အခြေခံမူလတန်းကျောင်းအဖြစ်စတင်ဖွင့်လှစ်ခဲ့ရာ သက်တမ်း အားဖြင့် ၅၇ နှစ်ရှိပြီဖြစ်သည်။ ယခုပညာသင်နှစ်တွင် မူလတန်းကျောင်းသားကျောင်းသူ ၃၅၆ ဦး၊ အလယ်တန်း ၂၄၄ ဦး၊ အထက်တန်း ၇၀ ဦး စုစုပေါင်း ၆၇၀ ဦးရှိ၍ ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ၊ ဆရာမ ၂၄ ဦးဖြင့် ပညာသင်ကြားပေးလျက်ရှိသည်။ ကန့်ဘလူမြို့နယ်၌ ၂၀၁၉ခုနှစ်တွင် အခြေခံပညာကျောင်းပေါင်း ၃၈ ကျောင်းအား အဆင့်တိုးမြှင့်ဖွင့်လှစ်ပြီး ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


