ကန့်ဘလူ ၃၀ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၄၀) ထွန်စက်စခန်းမှ ကျေးရွာပြည်သူ (တောင်သူ) များ မိုးစပါးများ အချိန်မီ စိုက်ပျိုးနိုင်ရန်နှင့် လယ်ယာလုပ်သား ရှားပါးမှုကို ကူညီဖြေရှင်းပေးသည့်အနေဖြင့် ကောက်စိုက်စက်နှစ်စီးဖြင့် ဝန်ဆောင်မှုပေးခြင်း လုပ်ငန်းများကို ဩဂုတ်လဆန်းပိုင်းမှ ယနေ့အထိ စိုက်ပျိုးပေးခဲ့ရာ ဧက ၂၀၀ စိုက်ပျိုးပြီးစီးခဲ့ကြောင်း မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
ထိုသို့ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များ၊ စိုက်ပျိုးမှု ကုန်ကျစရိတ်များ၊ လယ်ယာလုပ်သား ရှားပါးမှုနှင့် အချိန်ကုန်သက်သာခြင်းများကို ဖြေရှင်းနိုင်ပြီး အချိန်ပြည့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်မည်ဖြစ်သည်။
ထို့ပြင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရာတွင် ပင်ကြားတန်းကြား ညီညာခြင်း၊ လေဝင်လေထွက် ကောင်းမွန်ခြင်း၊ ပင်ပွားနှုန်း ကောင်းမွန်ခြင်း၊ အထွက်နှုန်းများလည်း ကောင်းမွန်လာနိုင်ခြင်းများကြောင့် လယ်ယာကဏ္ဍတွင်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် ဝန်ဆောင်မှုပေးခြင်းကို မိုးကြိုး ကျေးရွာ၊ ရေကြည်ကျေးရွာ၊ ဒါန်းပင်ကျေးရွာ၊ မင်းကုန်းကျေးရွာနှင့် ကြိုးကြာကျေးရွာတို့ရှိ တောင်သူလယ်သမားများ၏ မိုးစပါး စိုက်ပျိုးဧက ၂၀၀ ကို စိုက်ပျိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)


