ကန့်ဘလူ ဩဂုတ် ၂၄

 

ပြည်သူများနေထိုင်ရေး အဆင်ပြေစေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည့် ပြည်သူ့အငှားအိမ်ရာ ၁၂ ခန်းတွဲ ၄ ထပ် အခန်းပေါင်း ၄၈ ခန်းအား ယခုအခါ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါတိုက်ခန်းများအား လျှောက်ထားရာတွင် လျှောက်ထားသူသည် ဝင်ငွေနည်း ပြည်သူများ၊ လုပ်သက် ၂၅ နှစ်အထက် အခြေချ နိုင်ငံ့ဝန်ထမ်းများ၊ အခြေချ အငြိမ်းစားဝန်ထမ်းများ လျှောက်ထားနိုင်သည်။ လျှောက်ထားသူသည် ကန့်ဘလူမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း နေထိုင်သူဖြစ်ပြီး အိမ်ထောင်စုစာရင်းပုံစံ ၆၆/ ၆ တွင် ပါဝင်သူဖြစ်ရမည်ဖြစ်ကြောင်းနှင့် လျှောက်လွှာများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဦးစီးအရာရှိ (မြို့ပြ) ရုံး လမ်းဦးစီးဌာနတို့၌ ထုတ်ယူနိုင်ကာ စက်တင်ဘာ ၁ ရက်မှ ၁၀ ရက်အထိ ရုံးချိန်အတွင်း အဆိုပါဌာနတို့တွင် လျှောက်လွှာများ တင်သွင်းရမည်ဖြစ်သည်။

 

တိုက်ခန်းများအား ငှားရမ်းနေရာချထားနိုင်ရေးအတွက် လျှောက်ထားသူများသည် သတ်မှတ်ချက်များနှင့် ကိုက်ညီရမည်ဖြစ်ပြီး အငှားအိမ်ရာနေထိုင်ခွင့်ရရှိရန် ကော်မတီအဖွဲ့မှ မြေပြင်ကွင်းဆင်းသည့်အခါ၌ အမှန်တကယ် နေရေးအခက်အခဲ ရှိသူများကိုသာ ဦးစားပေး ချထားပေးမည်ဖြစ်ပြီး လိမ်လည်လျှောက်ထားခြင်း၊ အမှန်တကယ်နေထိုင်ခြင်း မရှိပါက လျှောက်ထားသူစာရင်းမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်သူ့အငှားအိမ်ရာ အဆောက်အအုံသည် ကန့်ဘလူမြို့၏ မြို့ရှောင်လမ်း (တက္ကသိုလ်လမ်းမကြီး) အနောက်ဘက် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ၏ နောက်ကျောကပ်လျက်တွင် တည်ရှိကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)