ကန့်ဘလူ ၃၀ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များ စီးနင်းမှုမရှိစေရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များကို မြို့မစျေးအရှေ့တောင်ထောင့် တပင်ရွှေထီးလမ်းမကြီးပေါ်တွင် နိုဝင်ဘာ ၃၀ ရက်နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ကန့်ဘလူမြို့မရဲစခန်းမှူး ဒုတိယရဲမှူး မြင့်အောင် ဦးဆောင်၍ မြို့မရဲစခန်း တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ ဒေသခံပြည်သူများ၊ လမ်းသွားလမ်းလာများ၊ ခရီးသွားပြည်သူများအား ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
“ပါဝါအိတ်ဇောတပ်ဆိုင်ကယ် ဆူညံသံများကြောင့် အများပြည်သူ စိတ်ဆင်းရဲမှု၊ စိတ်အနှောက်အယှက် မဖြစ်ပေါ်စေဖို့ ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့လည်း နိုဝင်ဘာ ၂၈ ရက်က ကျွန်တော်တို့ မြို့မရဲစခန်းမှာ မြို့မိမြို့ဖတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနဲ့ ညှိနှိုင်းဆွေးနွေးခဲ့ပြီး အသိပညာပေး ကာလကို နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၇ ရက်နေ့အထိ သတ်မှတ်ကာ ပညာပေးကာလကျော်လွန်ပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာပါ ” ဟု မြို့မရဲစခန်းမှူး ဒုတိယရဲမှူးမြင့်အောင်က ပြောပြသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)


