မန္တလေး ၁၃ စက်တင်ဘာ
မန္တလေးမြို့အနီး အမရပူရမြို့နယ် သရက်တန်းရွာ ဓနုံးကျေးရွာနှင့် အခြားကျေးရွာများတွင် ထိုင်ဝမ်ကန်စွန်းများကို စီးပွားဖြစ်စိုက်ပျိုးရောင်းချလျက်ရှိရာ တစ်နှစ်ပတ်လုံး ပုံမှန်ဈေးကွက်ရှိသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကန်စွန်းဈေးကွက်မှာ အချိန်အခါအလိုက် ဈေးကွက်ပြောင်းလျက်ရှိသည်။ ယခင်က ကန်စွန်း ၃၃၆ စည်းပါ ကန်စွန်းလိပ်တစ်လိပ်လျှင် ငွေကျပ် ၅၀၀၀ နီးပါးရှိရာမှ လက်ရှိကာလ ကန်စွန်းလိပ်တစ်လိပ်လျှင် ငွေကျပ် ၈၀၀၀ ကျော်အထိ ရရှိကြောင်း သရက်တန်းကျေးရွာမှ ကန်စွန်းစိုက်ပျိုးသူ ဦးဆယ်ပိုင်ထံမှ သိရသည်။
မန္တလေးမြို့အနီးတွင် ကန်စွန်းခင်းများ စီးပွားဖြစ်စိုက်ပျိုးပြီး မန္တလေးမြို့တွင်းရှိ ဈေးများသို့ တွင်ကျယ်စွာ တင်ပို့ရောင်းချလျက်ရှိသည်။ ကန်စွန်းခင်းစိုက်ပျိုးသူ များပြားပြီး လူငှားများဖြင့် နေ့စဉ် ကန်စွန်းရိတ်ခြင်းများ ပြုလုပ်ရသည်။ ကန်စွန်းအငှားရိတ်သူတစ်ဦးလျှင် ငွေကျပ် ၆၀၀၀ ကျော်အထိ ရရှိသည်။ ကန်စွန်းရိတ်ရာတွင် ပုတ်ပြတ်စနစ်ဖြင့် ရိတ်ပေးရသည်။ ကန်စွန်းလိပ်တစ်လိပ် (၃၃၆)စည်းပါ တစ်လိပ်လျှင် ရိတ်သိမ်းခ ငွေကျပ် ၅၀၀ မှ ၆၀၀ ကျပ်အထိ ရရှိသည်။ လူတစ်ဦး ၁၀ လိပ်အထိရရှိသည်။ ကန်းစွန်းစိုက်ပျိုးသူတစ်ဦးလျှင် အနည်းဆုံး တစ်နေ့လျှင် ကန်စွန်းလိပ် တစ်ရာ့ငါးဆယ်ကျော် နေ့စဉ်တင်ပို့ပေးလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့ရှိ ဈေးချိုတော်အနီးရှိ ဈေးများ၊ မန္တတလေးမြို့ပတ်ဝန်းကျင်ရှိ ဈေးများသို့ ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ်ကွက်နှင့် အမရပူရမြို့နယ်အတွင်းရှိ ကျေးရွာများမှ အများဆုံး စိုက်ပျိုးတင်ပို့ပေးကြသည်။ ကန်စွန်းသည် တစ်ခါစိုက်ပြီးသည်နှင့် လရှည်ခူးရသော ဟင်းရွက်ဖြစ်သည်။
ကန်စွန်းစိုက်ရန်အတွက် ပထမဦးစွာ မြေကိုစိတ်ကြိုက်ထယ်ရေးခင်းကြရသည်။ ထယ်ရေးခင်းပြီးသည်နှင့် ပေါင်းရွက်များကို သန့်စင်အောင် ကောက်ရသည်။ ပေါင်ဆွဲရာတွင် မြေဧကအကျယ်အဝန်းအလိုက် ရေဝင်ရေထွက်ကောင်းအောင် စီမံပြုလုပ်ကြရသည်။ တစ်ဧကလျှင် ကန်စွန်းစေ့ အထုပ်(၂၀)မှ (၃၀)အထိ အပင်အစိပ်အကျဲ စိတ်ကြိုက်စီမံစိုက်ပျိုးနိုင်သည်။ မျိုးစေ့ချပြီးသည်နှင့် ရေကိုရေစက်ဖြင့်တင်ပေးကြရသည်။ ကန်စွန်းပင်ပေါက်ပြီး ရက်ပေါင်း(၄၅)ရက်ခန့်မှ စတင်ပြီး ကန်စွန်းရွက်ကို လှီးဖြတ်ယူကြရသည်။ လက်ရှိကာလ ကုန်းပိုင်းကျပြီး ရေလွတ်သော ကန်စွန်းခင်းများကို အားထားနေရပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
တိမ်တမန်


