ကျွန်းစု ၂၉ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့မှ အခြေခံပညာကျောင်းများအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို ယနေ့ နံနက်ပိုင်းက ကျွန်းစုမြို့နယ်၊ ပညာ့ဗိမာန်ခန်းမ၌ လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေးအပ်လှူဒါန်းရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က အဖွင့်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ကျွန်းစုမြို့နယ်ရှိ ထက်၊ လယ်၊ မူ အဆင့် စာသင်ကျောင်းများ သတ်မှတ်ချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ကူညီပံ့ပိုးထောက်ပံ့ရခြင်း ဖြစ်ကြောင်း၊ ဆရာ၊ ကျောင်းသား၊ မိဘများက ပူးပေါင်းပါဝင်မှ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်မည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် နေရာအသီးသီးမှ အလှူရှင်များ လှူဒါန်းထားသော Surgical Mask ၃၃၀ဝ၀၊ အဝတ်(mask) ၁၂၀ဝ၀၊ အပူချိန်တိုင်းကိရိယာ ၅၀၊ Life Boy ဆပ်ပြာ ၁၀ဝ၀၊ ပိုးသတ်ချွတ်ဆေးဘူး ၅၀ဝ၊ PPE ဝတ်စုံ ၃၀၊ Face shield ၁၇၅ ခု၊ Hand Gel ၃၅ ဘူး၊ လက်ဆေးဆပ်ပြာရေဘူး (၂၅၀) နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်မှ Face shield ၁၀ဝ၀၊ Surgical mask ၁၀ဝ၀၊ လက်အိတ် (အခု ၁၀ဝ ပါ) ၅ ဘူး၊ Hand Gel (၅၀ဝ မီလီမီတာဝင်ဘူး) ၃၀၊ Hand Gel ၄ လီတာ ၁၀ ပုံး၊ လက်ဆေးဆပ်ပြာ ၅၀ဝ မီလီပုံး ၃၀၊ လက်ဆေးဆပ်ပြာရည် ၃.၅ ကီလိုမီတာဝင် ၁၀ ဘူး၊ အပူချိန်တိုင်းကိရိယာ ၁၀ လုံးတို့ကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက လက်ခံရယူခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက ကျွန်းစုမြို့နယ်တွင် အထက်တန်းအဆင့် ၂၅ ကျောင်း၊ အလယ်တန်းအဆင့် ၆၃ ကျောင်း၊ မူလတန်းအဆင့် ၇၇ ကျောင်း စုစုပေါင်း ၁၆၅ ကျောင်းရှိပြီး စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလို ကိုဗစ်-၁၉ အထောက်အကူပြုပစ္စည်းများ လာရောက်လှူဒါန်းသည့်အတွက် ပညာရေးမိသားစုမှ ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။
စည်သူရအောင်(ကျွန်းစု)


