ကျွန်းစု ၄ ဩဂုတ်
မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ဩဂုတ် ၂ ရက် ညပိုင်းက ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်များလဲပြိုကာ အဆောက်အဦအချို့နှင့် လူနေအိမ်များ အမိုးလန်ခြင်း၊ ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်အမှတ်(၁)ရပ်ကွက်ရှိ ဘာသာရေး အဆောက်အဦ(၁)လုံးနှင့် အစိုးရ ဌာနဆိုင်ရာ အဆောက်အဦ(၁)လုံး၊ မြို့ပေါ်အမှတ်(၂)ရပ်ကွက်ရှိ အစိုးရဌာနဆိုင်ရာ အဆောက်အဦ (၁)လုံး၊ မင်းဂုတ် ကျေးရွာအုပ်စုရှိ ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဆောင်(၁)လုံး၊ ကပကျေးရွာအုပ်စုရှိ လူနေအိမ်(၂)လုံး၊ တောပြားကျေးရွာအုပ်စုရှိ လူနေအိမ်(၂)လုံး၊ ရေကန်တောင် ကျေးရွာအုပ်စုရှိ လူနေအိမ်(၁)လုံး၊ ကမ်းကြီးကျေးရွာအုပ်စုရှိ လူနေအိမ် (၁၃)လုံး၊ မအိုင်ကျေးရွာအုပ်စုရှိ လူနေအိမ်(၃)လုံး၊ ကပကျေးရွာအုပ်စုရှိ လူနေအိမ်(၂)လုံး၊ စခန်းသစ်ကျေးရွာအုပ်စုရှိ လူနေအိမ်(၃)လုံး၊ ဘနန္ဒနဲ ကျေးရွာအုပ်စုရှိ ဘာသာရေးအဆောက်အဦ(၁)လုံး ပြိုကျ ပျက်စီးခဲ့ရကြောင်း သိရသည်။
ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများ၊ နေအိမ်များကို အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အဖွဲ့အစည်းများမှ ရှင်းလင်းဖယ်ရှားခြင်း၊ နီးစပ်ရာ ဆွေမျိုး နေအိမ်များသို့ ပြောင်းရွှေ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)