ကျွန်းစုမြို့နယ်၌ လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများအတွက် နားလည်မှုလက်မှတ်ရေးထိုး

ထားဝယ် ဖေဖော်ဝါရီ ၂၇

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း Hydro ရေအားလျှပ်စစ်နည်းပညာဖြင့် (၃)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းနှင့် Solar နေရောင် ခြည်စွမ်းအင်သုံးနည်းပညာဖြင့် (၇.၈)မဂ္ဂါဝပ် လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ဖြစ်မြောက်နိုင်စွမ်း ရှိ/ မရှိ အကြိုစူးစမ်းလေ့လာမှုလုပ်ငန်းများကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် New Myanmar Renewable Energy Co., Ltd တို့အကြား ချုပ်ဆိုသည့် နားလည်မှုမှတ်တမ်း Feasibility Study (F.S MOU) လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက “ကျွန်းစုမြို့နယ်သည် ကျွန်းတစ်ခုထဲတွင် သီးခြားရှိနေသောကြောင့် National Grid မရောက်ရှိနိုင်သည့်အတွက် လျှပ်စစ်ဓာတ်အားရရှိရေးကို ဆောင်ရွက်ပေးမှသာ ကျွန်းစုမြို့နယ်၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်မှာဖြစ်ကြောင်း” ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်နှင့် အတွင်းရေးမှူး ဦးခင်မောင်ချိုတို့က ရှင်းလင်းဆွေးနွေးကာ New Myanmar Renewable Energy Co, Ltd ဥက္ကဋ္ဌ ဦးကျော်မင်းဦးက ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက်  တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် New Myanmar Renewable Energy Co., Ltd တို့အကြား နားလည်မှုမှတ်တမ်း Feasibility Study (FS MOU) များကို လက်မှတ်ရေးထိုးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)