ကျွန်းစု ၁၅  ဩဂုတ်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် အခြေခံလူတန်းစားအိမ်ထောင်စု ၂၃၈၄၅ စု အတွက် ငွေကျပ် သိန်းပေါင်း (၄၇၆၉)သိန်းကို မြို့နယ်ကျွန်းရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ငွေကြေးထောက်ပံ့မှု ပေးအပ်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က အဖွင့် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက အခြေခံလူတန်းစားများကို ပထမအကြိမ် ဖြင့် အခြေခံစားသောက်ကုန်(၅)မျိုးနှင့် ဒုတိယအကြိမ် ငွေကျပ်(၂)သောင်း တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ယခု တတိယအကြိမ် ငွေကျပ်(၂)သောင်းကျပ်ကို ထပ်မံထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ထောက်ပံ့ငွေများကို အခြေခံ လူတန်းစားများထံ လက်ဝယ်အရောက် အမြန်ထုတ်ပေးသွားရန် စသည်တို့ကို တက်ရောက်လာသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား ဆွေးနွေးပြောကြားခဲ့သည်။

 

ကျွန်းစုမြို့နယ်တွင် ကျေးရွာအုပ်စု(၂၇)စုရှိပြီး အိမ်ထောင်စု(၃၅၆၉၃)စုရှိ၍ အခြေခံလူတန်းစားအိမ်ထောင်စု (၂၃၈၄၅)စုရှိပြီး လူဦးရေ စုစုပေါင်း(၁၂၀၃၇၆)ဦးရှိရာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် စုစုပေါင်း သိန်းပေါင်း(၄၇၆၉)သိန်းကို ကျွန်းစုမြို့နယ် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ငွေကြေးထောက်ပံ့မှု ကြီးကြပ်ကွပ်ကဲရေးကော်မတီမှ တာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများအလိုက် သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းမှတစ်ဆင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားထံသို့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)