ကျွန်းစု ၁၁ ဇွန် 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club၊ Women Clubနှင့် Youth Club တို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် ဝိုင်းဝန်းကာကွယ် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို  ယနေ့ မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

 

1491

 

“ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးများ ထုတ်လုပ်မှုပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေး၊ တားဆီးနှိမ်နင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒီပြဿနာဟာ အစိုးရနှင့် ပြည်သူ့လူထုအားလုံး ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှု ရရှိနိုင်မှာဖြစ်တယ်” ဟု ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲအုပ်ကျော်ဌေးက မူးယစ်ဆေးဝါးများ စတင်ပေါ်ပေါက်လာမှုရာဇဝင်များ၊ ဖမ်းဆီးအရေးယူမှုများ၊ “တခါသုံးစွဲရုံနှင့် မစွဲနိုင်ပူးလို့ ယူဆချက်နဲ့သုံးစွဲသူတေ ဆေးစွဲတယ့်အဖြစ်ကို ရောက်တတ်တာ သတိပြုပါ” ဟု ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ခေတ္တမြို့နယ် ကုသရေးဦးစီးမှူး ဒေါက်တာကျော်ကျော်စိုးက မူးယစ်ဆေးဝါး သုံးစွဲကြသည့် အကြောင်းအရင်းများ၊ ကြုံတွေ့ရမည့် အန္တရာယ်များ၊ မူးယစ်ဆေးစွဲလက္ခဏများ၊ ကာကွယ်ရမည့်နည်းများ၊ စသည်တို့ကို ဆွေးနွေးပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ခင်သန္တာစိုးက မူးယစ်ဆေးဝါး သုံးစွဲမှုနှင့် လက်ဝယ်တွေ့ရှိမှု၊ ရောင်းချမှု၊ စသည်တို့နှင့် ပတ်သက်သော ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆွေးနွေးပြောကြားသည်။

ထိုနောက် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စိတ်ကြွရူးဆွပ်ဆေးများ၏ အန္တရာယ်၊ ကော်ရှူခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ၊ ကုသကာကွယ် မူးယစ်အန္တရာယ် လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း၊ မြို့နယ်  ပြန်/ဆက် ဝန်ထမ်းများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို တက်ရောက်လာသူများက လှည့်လည်ကြည့်ရှူခဲ့ကြကြောင်း၊ အခမ်းအနားသို့ Book Club၊ Women Club၊ Youth Club အသင်းဝင်များ၊ NGO အဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)