ကွန်ဟိန်း  ၂၇ နိုဝင်ဘာ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ လွယ်ဆိုင်၊ လုပ်ဖိုင်၊ နမ့်ဟူးလျင်၊ ဝမ်ပန်၊ ဆိုင်းခေါင်(တ)၊ နားလေကျေးရွာ ခြောက်ရွာတွင် သောက်သုံးရေရရှိရေး စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၊ ရှမ်းပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

လွယ်ဆိုင်၊ လုပ်ဖိုင်၊ နမ့်ဟူးလျင်၊ ဝမ်ပန်၊ ဆိုင်းခေါင်(တ)၊ နားလေကျေးရွာခြောက်ရွာတွင် သောက်သုံးရေ ရရှိရေးအတွက် အရှည် ၁၅ မိုင်အရှည်ရှိသော စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်း၊ ဂါလန် ၅၀၀၀ဆံ့ ရေစုကန်(၆)ကန် တည်ဆောက်ခြင်း၊ ရေတားတမံ(၆)ခု တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၀ -၂၀၂၁ ခု ဘဏ္ဍာနှစ်တွင်ပြည်ထောင်စု၊ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၁၈၈ သန်းကျော်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကွန်ဟိန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်ဆူး ကပြောပြသည်။

 

အဆိုပါ ကျေးရွာ(၆)ရွာတွင် သောက်သုံးရေရရှိရေး စိမ့်စမ်းရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး သွားပါက အိမ်ခြေ ၇၄၉မှ လူဦးရေ ၃၇၄၂ ဦးအပြင် ကျွဲ၊ နွား တိရစ္ဆာန်များအတွက်ပါ ရာသီမရွေး သောက်သုံးရေရရှိရေး အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်ဆူး က ဆက်လက်ပြောပြ၍ သိရသည်။

ငြိမ်းသူ