ကနီ ၁၈ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ရှိ လေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အ ကူအညီများစွာလိုအပ်နေကြောင်း ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ထံက သိရသည်။
ယခုလ ၁၃ ရက်နေ့ ညနေပိုင်းအချိန်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် ကနီမြို့နယ်ရှိ ကျေးရွာအုပ်စု ၁၄ အုပ်စုမှ ကျေးရွာ ၄၄ ရွာတွင် အိမ်ခြေ ၁၆၀ဝ ခန့် နှင့် ဘုန်းကြီးကျောင်းက ၂၂ ကျောင်း၊ စာသင်ကျောင်း ၁၄ ကျောင်း၊ဆေးခန်း သုံးခု ကျန်းမာရေးဌာန ၁ ခု ၊ ဌာနဆိုင်ရာ အဆောက်အဦ ၃ ခု နှင့် သီးခြား အဆောက်အဦက ၅၀ ခန့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် လက်ရှိတွင် ယင်း လေဘေးသင့်ဒဏ် ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများစွာရှိသဖြင့် အကူအညီများစွာ လိုအပ်နေကြောင်း ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ကပြောသည်။
''ဖြစ်တဲ့နေ့က သတင်းကအတိအကျ မရသေးဘူး၊ အိမ်ခြေ ၇၈၀ လို့ ကျွန်တော်တို့က တင်လိုက်တာ၊ နောက်ရက်ကျ ၁၅၃၆ လုံးဆိုပြီးထပ်တင်လိုက်တယ်။ ဒီနေ့ကျ အိမ်ခြေနောက်ထပ် ၃၀ ကျော်လောက် ထပ်တိုးလာတယ်။ ခုက ၁၆၀ဝ လောက် ပျက်စီးခဲ့တယ်။အခုက အခက်အခဲ အတော်ရှိတယ်။ နေပူရှိန်က ပြင်း၊ နေစရာအိမ်က ပျက်ဆိုတော့ အချို့ဆို ဘယ်နေလို့ နေရမှန်း မသိဘူး၊အချို့ကျတော့လည်း ယောကျာ်းသားသန်သန်မာမာရှိတဲ့ အိမ်ကျတော့ မိုးကားလေး၊ ထန်းရွက်တဲလေးလုပ်ပြီး နေကြတာပေါ့။ အဖိုးကြီး၊ အဖွားကြီးတွေ၊အမျိုးသမီးတွေချည်းပဲ ရှိတဲ့ အိမ်ကျ ပိုပြီး အခက်အခဲရှိတာပေါ့။''ဟု ၎င်းကပြောသည်။
လက်ရှိတွင် ကနီမြို့နယ်ရှိ လေဘေးသင့် ပြည်သူအများစုမှာ နေအိမ်များ ပြန်လည်ဆောက်လုပ်ရေး အတွက် သစ်ဝါးရှားပါးခြင်း၊ လက်သမားရှားပါခြင်း၊ ငွေကြေးမတတ်နိုင်ခြင်းတို့ကြောင့် နေထိုင်ရေးအတွက် အခက်အခဲများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။
''အစိုးရကလည်း ထောက်ပံပေးတာ သိန်း ၇၀ဝ ကျော်လောက်ရှိတယ်။ ဒါကလည်း ပျက်စီးသွားတဲ့ ပမာဏနဲ့ ယှဉ်လိုက်ရင်တော့ အဆင့်တော့ မပြေဘူး၊နောက်ပြီးတော့ တောင်သူတွေကလည်း ခုက သီးနှံ့ပေါ်တဲ့ အချိန် မဟုတ်ဘူးလေ၊သီးနှံ့ပေါ်တဲ့ အချိန်ဆို တော်သေးတာပေါ့။ခုက မိုးဦးကျဆိုတော့ ငွေကလိုနေတဲ့အချိန် ဖြစ်နေတာ အဲချိန်မှာ လေက ဝင်တိုက်တော့ အချို့အိမ်တွေဆို ပြိုကျ ပျက်စီးတယ်။ အကူအညီပေးစေချင်တယ်။"ဟု ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း က ပြောသည်။
ကနီမြို့နယ်ရှိ လေဘေးသင့်ပြည်သူများ ပြန်လည် ထူထောင်ရေးအတွက် အခက်အခဲများစွာ ရှိသဖြင့် စေတနာရှင်၊အလှူရှင်များ အနေဖြင့် ဌာနဆိုင်ရာများမှ သော်လည်းကောင်း၊ မိမိအစီအစဉ်ဖြင့် သော်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှ သော်လည်းကောင်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း ၎င်းကဆက်လက်ပြောသည်။
ကိုမင်း(အင်းတော်)
