ကြံခင်း ဧပြီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၉)တိုင်းနယ်မြေအတွင်း ကြံခင်း - ဟင်္သာတ - ပုသိမ် လမ်းပိုင်း၌ မဟာသင်္ကြန်ကာလအတွင်း (၁၈၅)အဆန်နှင့် (၁၈၆)အစုန် စာပို့ရထားပြေးဆွဲခြင်းကို ဧပြီ ၉ ရက်မှစ၍ လူစီးတွဲကြီး(၁)တွဲ ထပ်တိုးပြေးဆွဲကြောင်း သိရသည်။
မဟာသင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန် ယခင် လူစီးတွဲကြီး(၅)တွဲ၊ တွဲလေး(၁)တွဲ၊ ပါဆယ်(၂)တွဲနှင့် ဘရိတ်တစ်တွဲ ချိတ်ဆွဲပြေးဆွဲခဲ့ရာမှ ဧပြီ ၉ ရက်တွင် လူစီးတွဲကြီး(၁)တွဲ ထပ်တိုး ချိတ်ဆွဲပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ကြံခင်း - ဟင်္သာတ - ပုသိမ် လမ်းပိုင်းအတွင်း၌ (၁၈၅)အဆန်နှင့် (၁၈၆)အစုန် စာပို့ရထားပြေးဆွဲရာတွင် ခရီးသည်များ သွားလာရေးအဆင်ပြေစေရန် ခရီးသည်တစ်ဦးလျှင် လက်မှတ်တစ်စောင်နှုန်း ရောင်းချပေးပြီး ထိုင်ခုံ(၂)လုံးစီစဉ်ပေးခြင်း၊ အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်း တပ်ဆင်သူများကိုသာ မှတ်ပုံတင်ကတ်ဖြင့် လက်မှတ်ရောင်းချပေးပြီး သွားလာခွင့်ပြုမှာဖြစ်ကြောင်း ကြံခင်းမြို့နယ် ရုံပိုင်ကြီး ဦးမောင်မောင်ဦးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)