ကြို့ပင်ကောက်  ၂  ဒီဇင်ဘာ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးရွာမီးလင်းရေး အစီအစဉ်တွင် စတုတ္ထမြောက် မီးလင်းသော ကံကြီးကျေးရွာအုပ်စု ကံကြီးကျေးရွာသည် နိုဝင်ဘာ ၂၇ ရက်နေ့က ကျေးရွာတွင်းမှ အိမ်ခြေ ၇၀ လျှပ်စစ်မီး စတင်သုံးစွဲခွင့်ရရှိပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

အဆိုပါကံကြီးကျေးရွာတွင် အိမ်ခြေ ၁၀၉ လုံးဖြင့် လူဦးရေ ၄၃၀ ဦးခန့် နေထိုင်လျက်ရှိရာ ကျေးရွာတွင်း သွယ်တန်းသော ၄၀၀ ဗို့လိုင်း ၃၄၀၀ ပေ၊ ကွန်ကရစ်တိုင် ၃၃ လုံးနှင့် ဆက်စပ်ပစ္စည်းများ၏ ကုန်ကျစရိတ်များကို(VDP) ကျေးရွာစီမံကိန်း နိုင်ငံတော်ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ နှင့် ကျေးရွာလူထု ထည့်ဝင်ငွေကျပ် ၈၇ သိန်း ကျော်တို့ဖြင့် ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သောကြောင့် ကျေးရွာအတွင်းအိမ်ခြေ ၇၀ လုံးတွင် လျှပ်စစ်မီး ရယူသုံးစွဲနိုင်ခဲ့ကြောင်း အဆိုပါမီးလင်းရေး စီမံကိန်းကို အောင်မြင်ရန်အတွက် မတ် ၁၆ ရက်နေ့ ကတည်းက စတင်ကြိုးစားခဲ့ရာ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် မီးစတင်လင်းခဲ့ကြောင်း ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးဟံသိန်းက ပြောသည်။

 

ကျေးလက်မီးလင်းရေး လုပ်ငန်းစီမံကိန်းများကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်၍ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဥက္ကံကျေးရွာ၊ ရန်ကြီးအောင်ကျေးရွာ၊ ကြံတောစုကျေးရွာ၊ ကံကြီးကျေးရွာနှင့် ချောင်းပေါက်ကျေးရွာတို့တွင် (VDP) စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးလက်မီးလင်းရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)