ကန်ကြီးထောင့် ဧပြီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အား ယနေ့နံနက် ၈ နာရီက ကန်ကြီးထောင့်မြို့အဝင် မာလာကုန်းလမ်းဆုံ ဗဟိုမဏ္ဍပ်၌ ဖွင့်ပွဲအခမ်းအနားကို မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာများနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
မဟာအတာသင်္ကြန် ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က မိမိတို့ မြို့နယ်အတွင်း၌ အသက် ၁၈ နှစ်အထက်ရှိသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ၉၀ ရာခိုင်နှုန်းအထိ ထိုးနှံပေးပြီးဖြစ်သောကြောင့် ယခုနှစ်တွင် မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း၌ရှိသော ပြည်သူများအနေဖြင့် မဟာအတာသင်္ကြန်ပွဲတော်တွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည်စုံပြီး ဘေးဥပဒ်အန္တရာယ်များ ကင်းစင်လွင့်ပျောက်ပါစေကြောင်း ဆုတောင်းပြောကြား၍ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် မဏ္ဍပ်ကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက "မန်းတောင်ရိပ်ခို" သီချင်းအားသီဆို၍ တိုက်နယ် ၉ ခုမှ ယိမ်းအဖွဲ့ ၉ ဖွဲ့က အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ယိမ်းအဖွဲ့များအား အမွှေးနံ့သာရည်များဖြင့် အတာရေပက်ဖျန်းပေးခဲ့ပြီး စတုဒိသာများဖြင့် ကျွေးမွေးဧည့်ခံခဲ့သည်။
ကန်ကြီးထောင့်မြို့၌ မဟာအတာသင်္ကြန်ပွဲတော် ကျင်းပနေစဉ် ကာလအတွင်း ယိမ်းအဖွဲ့ ၉ ခုမှ အကများအပြင် တီးဝိုင်းဖြင့် တေးသီချင်းများကိုလည်း နေ့စဉ် တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်ပြီး ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ရေဆော့ကစားနိုင်စေရန် လုံခြုံရေးများလည်းထားရှိ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)