ကျွန်းလှ ၂၆ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း ကျေးရွာများနှင့် ဆက်သွယ်ရာတွင် အဓိကကျသည့် ကျွန်းလှ-သဖန်းဆိပ် ကားလမ်းပေါ်ရှိ တပ်ကုန်းတံတားကြမ်းခင်းများ ပျက်စီးနေ၍ ပြုပြင်ပေးရန် ဒေသခံပြည်သူများ လိုလားကြောင်း သိရသည်။
အဆိုပါတံတားမှာ ကျွန်းလှမြို့နှင့် တိုက်ရိုက်ဆက်သွယ်ထားပြီး သဖန်းဆိပ်ဆည် အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်း ကျေးရွာပေါင်း(၁၀ဝ)ကျော်က ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကားကြီးကားငယ်များ၊ ဆိုင်ကယ်များ နေ့စဉ်အသုံးပြု သွားလာနေသော တံတားတစ်စင်းဖြစ်ကြောင်း၊ ယခုအခါ တံတားကြမ်းခင်းပျက်စီးနေ၍ ယာဉ်အန္တရာယ်စိုးရိမ်ရပြီး တံတားကောင်းမွန်မှ ကုန်စည်ကူးသန်းမှုနှင့် သွားလာရေးအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)