ကျွန်းလှ ၃ဝ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် တောင်ယာဆိပ်ကျေးရွာအုပ်စု၌ သောက်သုံးရေဖူလုံစွာရရှိရေး မြေသားရေလှောင်ကန် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေသားရေလှောင်ကန်ကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး အလျားပေ ၃ဝဝ၊ အနံပေ ၃ဝဝ၊ အနက် ၃ ပေရှိ မြေသားရေကန်ဖြစ်ကြောင်း သိရသည်။
“ကျေးရွာအုပ်စုအတွက် သောက်သုံးရေကို ရွာထိပ်ရေကန်က ရေပိုက်သွယ်တန်းပြီး သုံးစွဲနေရကြောင်း၊ ရေကန်မှာ တိမ်ကောပြီး ရာသီဥတုကလည်း ပူပြင်းခြင်းကြောင့် ရေအနည်းငယ်သာ ကျန်ရှိတော့ကြောင်း၊ ယခုလို မိုးမကျမီ ရေကန်တူးဖော်မှသာ ရာသီမရွေး သောက်သုံးရေ သုံးစွဲနိုင်မည်ဖြစ်ကြောင်း” တောင်ယာဆိပ်ကျေးရွာနေ ဦးမောင်ငွေက ပြောသည်။
အဆိုပါ ရေကန်တူးဖော်ခြင်းလုပ်ငန်းအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)
