ကျွန်းလှ ၁၆ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြိုနယ် အင်ကြင်းမြိုင်ရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် ပန်းထိမ်ငိုပန်းစိုက်ပျိုးခြင်းဖြင့်  မိသားစုဝင်ငွေရရှိနေကြောင်း ပန်းစိုက်တောင်သူများထံမှ သိရသည်။

 

“ကျွန်တော် ပန်းထိမ်ငိုပန်းစိုက်ပျိုးခြင်းဖြင့် အသက်မွေးကျောင်းပြုခဲ့တာ (၁၅)နှစ်ရှိပါပြီ။ ပန်းမျိုးကို ပြင်ဦးလွင်က မှာယူပြီး ယခုအခါ ပေ(၁၀၀)ပတ်လည်မြေကွက်တွင် ကျင်းရေ(၉၀၀၀)ခန့် စိုက်ပျိုးထားပါတယ်။ ထွက်ရှိတဲ့ ပန်းတွေကို တစ်ခက်ငွေကျပ် ၇၀ မှ ၅၀ နှုန်းဖြင့် မြို့ပေါ်ဈေးတွေမှာ ရောင်းချတဲ့ ဈေးသည်တွေကို ဖောက်သည်ပေးပါတယ်။ တစ်နေ့ငွေကျပ်(၁၅၀၀၀)ဝင်ငွေရရှိပါတယ်”ဟု အင်ကြင်းမြိုင်ရပ်ကွက် ပန်းစိုက်တောင်သူ ဦးသော်တာမောင်က ပြောသည်။

 

အဆိုပါ ပန်းထိမ်ငိုပန်းကို နေအိမ်ခြံဝင်းများအတွင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြရာမှ စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်း၊ ဘုရားပန်းကပ်ရာတွင် တာရှည်ခံပြီး ဈေးနှုန်းချိုသာ၍ လှပခြင်းကြောင့် လူအသုံးများသည့်အတွက် ရောင်းအားကောင်းကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိနေကြောင်း သိရသည်။

 

မျိုးဝင်းညို(ကျွန်းလှ)