ရန်ကုန် ၄ နိုဝင်ဘာ
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားဆဲကာလတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီနေထိုင်စေရေးအတွက် အမှတ်(၃၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲဝင်များက ယနေ့နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် လှည်းတန်းဈေးရှေ့ လှည်းတန်းလမ်းမပေါ်တွင် အသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ် လှည်းတန်းဈေးရှေ့ လှည်းတန်းလမ်းမပေါ်တွင် ယနေ့နံနက် ၁၀ နာရီက အမှတ်(၃၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးရဲထွန်းအောင် ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည် သူများနှင့် ယာဉ်မောင်းများအား ပါးစပ်၊နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ထူးခြားမှုအနေနဲ့က ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်းမှာ မော်တော်ဆိုင်ကယ်များ စီးနင်းခွင့်မရှိဘဲ စီးနင်းမောင်းနှင်နေကြပြီး မော်တော်ဆိုင်ကယ်နဲ့ လုယက်မှု၊ ဒုစရိုက်မှုတွေ ကျူးလွန်လာကြတဲ့အတွက် ကမာရွတ်မြို့နယ်အတွင်းမှာ မော်တော်ဆိုင်ကယ်၊ လျှပ်စစ်ဆိုင်ကယ် စီးနင်းမောင်းနှင်နေတာတွေကို အရေးယူဆောင်ရွက်နေပါတယ်” ဟု တပ်ဖွဲ့စုမှူး ဒုရဲမှူး ရဲထွန်းအောင်က ပြောကြားသည်။
ကမာရွတ်မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်နှင့် လျှပ်စစ်ဆိုင်ကယ်စီးနင်းမှုများကို အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်အရေးယူလျက်ရှိပြီး နိုဝင်ဘာလ ၄ ရက်နေ့အထိ ဆိုင်ကယ် ၁၅ စီးအထိ အရေးယူထားပြီး ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ စည်းကမ်းပျက်မော်တော် ယာဉ် ၂၁၉၇ စီးကိုလည်း အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - လင်းညွန့်


