ရန်ကုန် ၂၄ သြဂုတ်
ကျန်းမာရေးဆိုင်ရာ တက္ကသိုလ်အစုအဖွဲ့ တည်ထောင်ဖွဲ့စည်းနိုင်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ် (ရန်ကုန်)၌ ကျင်းပသည်။
အခမ်းအနားတွင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆေးနှင့်ဆေးနှီးနွှယ် ပညာရပ်များ ပိုမိုထိရောက်စွာပေါင်းစပ်သင်ကြားနိုင်ရေးနှင့် မြန်မာနိုင်ငံဆေးနှင့် ဆေးနှီးနွှယ်ပညာရပ်လောကတစ်ရပ်လုံး ပိုမိုအဆင့်မြင့်မားတိုးတက်စေရေးအတွက် ယနေ့အစည်းအဝေးသည် အရေးကြီးပါကြောင်း၊ အစည်းအဝေးသို့တက်ရောက်လာသည့် ဆေးနှင့်ဆေးနှီးနွှယ်ပညာရပ်များမှ ပညာရှင်ကြီးများနှင့် မျိုးဆက်သစ်လူငယ်များသည် မိမိတို့နိုင်ငံ၏ အနာဂတ် ဆေးနှင့်ဆေးနှီးနွှယ်ပညာရပ် ကဏ္ဍကို ပုံဖော်ဆောင်ရွက်မည့်သူများပင်ဖြစ်ပါကြောင်း၊ အမျိုးသားပညာရေးဥပဒေ ပြဌာန်းချက်များနှင့်အညီ ဝန်ကြီးဌာနရှိတက္ကသိုလ်များကို ပညာရပ်ပိုင်းဆိုင်ရာနှင့် သင်ကြားမှု၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များတွင် ဗဟိုချုပ်ကိုင်မှုလျော့ချပြီး လုပ်ပိုင်ခွင့် အာဏာပိုမိုပေးအပ်နိုင်ရေး၊ တက္ကသိုလ်အလိုက် ကိုယ်ပိုင်လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေးတို့ အတွက် ဝိုင်းဝန်းစဉ်းစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနရှိအချို့တက္ကသိုလ်များကိုပေါင်းစည်းခြင်း (သို့မဟုတ်) တက္ကသိုလ်များအစုအဖွဲ့ တည်ထောင်ဖွဲ့စည်းခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ်များနှင့် ပစ္စည်းကိရိယာများကို အကျိုးရှိထိရောက်မှုအရှိဆုံး မျှဝေအသုံးချနိုင်ခြင်း၊တာဝန်ခံမှုနှင့်တာဝန်ယူမှုများကိုတက္ကသိုလ်အားလုံးမှ မျှဝေရယူနိုင်ခြင်းအကျိုးများရရှိမည်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်တာများသည် အခြားဌာနများနှင့် သဘောသဘာဝတူညီမှုမရှိသဖြင့် ကျန်းမာရေး လူ့စွမ်းအား အရင်း အမြစ်များမွေးထုတ်ရာတက္ကသိုလ်များ၏ လုပ်ငန်းဆောင်တာများသည်လည်း ပညာရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနအသီးသီးရှိတက္ကသိုလ်များ၊ ကျောင်းများ၏ကဲ့သို့ တိုက်ရိုက်ပုံတူ ဆောင်ရွက်၍မရပါကြောင်း။
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအနေဖြင့် မူဝါဒနှင့် မဟာဗျူဟာများနှင့်အညီ စောင့်ကြည့် ဆန်းစစ်မှုများပြုလုပ်ခြင်း တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း တို့ကိုလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆေးနှင့်ဆေးနှီးနွှယ်ပညာရပ် ကဏ္ဍကြီး၏ သမိုင်းဝင်ဖြစ်စဉ်တစ်ခုဖြစ်လာမည့် ဝန်ကြီးဌာနရှိတက္ကသိုလ်များကို အစုအဖွဲ့ တည်ထောင်ဖွဲ့စည်း ခြင်းလုပ်ငန်းများတွင် ပညာရှင်များအားလုံးကစုစည်းပူးပေါင်း၍ အပြုသဘော ဆောင်သည့် အကြံဉာဏ်များဖြင့် ဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြား သည်။
ဆက်လက်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်တင်လေး၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုး၊ သူနာပြုတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာမြတ်သန္တာ၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာအေးထွန်းနှင့် ဆေးဝါးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာရီရီတင် တို့ကUniversity of Health Sciences အဖြစ် တက္ကသိုလ်အစုအဖွဲ့ ဖွဲ့စည်းနိုင်ရေးအတွက် လက်ရှိပညာရေးအခြေအနေအသွင်အပြင်အနေအထား၊ တက္ကသိုလ် အစုအဖွဲ့ဆိုင်ရာပဋိညာဉ်ရေးဆွဲရေး၊ တက္ကသိုလ်အစုအဖွဲ့ပုံစံ၊ ဖွဲ့စည်းပုံနှင့် တက္ကသိုလ် အာဏာပိုင်အဖွဲ့များ စသည်တို့နှင့်ပတ်သက်၍ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည် ဖော်နိုင်ရေးအတွက် ဆွေးနွေးတင်ပြခဲ့ပြီးအစည်းအဝေးသို့ တက်ရောက်လာကြသူများ က မြန်မာနိုင်ငံ၏ လက်တွေ့ မြေပြင်အခြေအနေများနှင့် ကိုက်ညီစွာ အကြံပြုဆွေးနွေးခြင်းများနှင့် အစုအဖွဲ့အလိုက် ဆွေးနွေးခြင်းများဆောင်ရွက်သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် The International NGO Global Reconciliation ၏ Executive Director ၊ Adult Medicine Division of the Royal Australasian College of Physicians (RACP)၏ ဥက္ကဋ္ဌ Professor Paul Komesaroffနှင့် တွေ့ဆုံ၍ သြစတြေးလျနိုင်ငံthe Royal Australasian College of Physicians(RACP)၊ Monash Universityတို့နှင့် ဝန်ကြီးဌာနဆေးတက္ကသိုလ်များအကြား သင်ကြားရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအပြန်အလှန်သွားရောက် သင်ကြားလေ့လာနိုင်ရေး၊ မြန်မာနိုင်ငံ ဆေးနှင့်ဆေးနှီးနွှယ် ပညာရှင်များအတွက် သုတေသနကျင့်ဝတ်နှင့် နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရန် လေ့ကျင့်သင်ကြားပေးနိုင်ရေးနှင့် ဝေးလံခက်ခဲဒေသများတွင် လူထု အခြေပြုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်မီဆက်သွယ်ရေး ယာဉ်များအသုံးပြု၍ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်ဖက်သဘောတူညီမှု လက်မှတ်ရေးထိုး ဆောင်ရွက်သွားနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


