နေပြည်တော် ၁၈ စက်တင်ဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် Video conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ်(၁) ပါမောက္ခချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ဓာတ်ခွဲ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကူးစက်)၊ ရန်ကုန်တိုင်းဒေသကြီးသို့ ရောက်ရှိနေသော ဗဟိုကွင်းဆင်းအဖွဲ့များ၊ ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော ဗဟိုကွင်းဆင်းအဖွဲ့များ၊ ဆေးရုံများမှ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကပ်ရောဂါတစ်ခုကို ထိန်းချုပ်ရာတွင် ဖြစ်ပေါ်ပြောင်းလဲလာသည့် အခြေအနေအပေါ် မူတည်ပြီး နည်းဗျူဟာများ ပြောင်းလဲရသည်ဖြစ်ရာ ယခုအချိန်၌ ကိုဗစ်-၁၉ လူနာနှင့်ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ်ရေး၊ ကိုဗစ်-၁၉ လူနာများသေဆုံးမှု နည်းပါးစေရေးအတွက် ကုသမှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရေး၊ အသွားအလာ ကန့်သတ်သည့်နေရာများ စနစ်တကျစီမံခန့်ခွဲနိုင်ရေးဟူသည့် အဓိက နည်းဗျူဟာ (၃)ရပ်ကို အဓိကထား ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း။
လုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေးရှုထောင့်မှသာမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ရှုထောင့်ပေါင်းစုံမှ ချိန်ထိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် တစ်ဦးကောင်း၊ တစ်ယောက် ကောင်းဆောင်ရွက်၍မရဘဲ အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် အချင်းချင်း နားလည်မှုရှိစွာ ချိန်သားကိုက် ညှိနှိုင်းဆောင်ရွက်ရန်မှာ အရေးကြီးပါကြောင်း၊ ယခုပြန်လည် ဦးမော့လာသည့် ကိုဗစ်-၁၉ ကို ထိရောက်စွာ ကိုင်တွယ်၍ ပြန်လည်ထိန်းချုပ်နိုင်ရန်မှာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ ဦးဆောင်ကာ ဆောင်ရွက်မှသာလျှင် အချိန်တိုအတွင်း ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ကပ်ရောဂါထိန်းချုပ်မှုနှင့် ပတ်သက်သော ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များအား မိမိတို့ ဝန်ထမ်းများမှ ပံ့ပိုးပေးရမည် ဖြစ်ပါကြောင်း၊ အဓိကဦးတည်၍ဆောင်ရွက်ရမည့်နည်းဗျူဟာမှာ ပြည်သူများအကြား ငုတ်လျှိုးနေသည့် ရောဂါပိုးရှိသူများအား စနစ်တကျအမြန်ဆုံး ဦးစားပေးအဖြစ် ဖော်ထုတ်ကြရ မည်ဖြစ်ပါကြောင်း၊ အဆိုပါ ရောဂါရှိပြီး ငုတ်လျှိုးနေသူများအား ဖော်ထုတ်နိုင်မှု တစ်ရက်နောက်ကျလျှင် နောက်ကျသလောက် ကူးစက်ဖြစ်ပွားမှု များပြားလျင်မြန်သွားမည် ဖြစ်ပါကြောင်း။
ဤကပ်ရောဂါသည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်သဖြင့် ထိန်းချုပ်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် ကပ်ရောဂါမပြီးဆုံးခင် အချိန်အထိ ထိန်းချုပ်မှုလုပ်ငန်းများကို လျှော့ချခြင်း မရသကဲ့သို့ ပြည်သူများအနေဖြင့်လည်း ပေါ့ဆ၍ မရပါကြောင်း၊ ယခုကာလ၌ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ထိန်းချုပ်မှုလုပ်ငန်းကို အရှိန်အဟုန်မြှင့်ကာ တင်းကြပ်စွာ လုပ်ကိုင်လျက်ရှိပြီး ဖြစ်ပေါ်လာသော အခြေအနေအပေါ်မူတည်၍ တစ်ဆင့်ပြီးတစ်ဆင့်လျှော့ချ မည်ဖြစ်ပါကြောင်း၊ ယခုဖြစ်ပေါ်လျက်ရှိသော ကပ်ရောဂါ၏ အတိုင်းအဆနှင့် ပျံ့နှံ့မှု ပုံသဏ္ဍာန်ပေါ် မူတည်၍ ဝန်ကြီးဌာနသည် ဆေးရုံဆင်းခွင့်သတ်မှတ်ချက်နှင့် အသွားအလာကန့်သတ်ခြင်းကာလ သတ်မှတ်ချက်များကို ပြန်လည်သုံးသပ်လျက်ရှိပြီး လိုအပ်သလို အမြန်ဆုံး ပြင်ဆင်ထုတ်ဝေမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်-၁၉ လူနာများအား လက်ခံကုသမှုပေးရန်ကိစ္စရပ်အား ဆွေးနွေးပြီးဖြစ်ရာ မူအားဖြင့် သဘောတူညီပါကြောင်း၊ အသေးစိတ်ညှိနှိုင်းမှုများကို အမြန်ဆုံး ဆက်လက်လုပ်ဆောင် သွားကြစေလိုပါကြောင်း။
ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှလည်း တစ်ပြည်လုံး အတိုင်းအတာဖြင့် ဤရောဂါကူးစက် ပျံ့နှံ့မှုပုံသဏ္ဍာန်ကို နေ့စဉ်သုံးသပ်လျက်ရှိပြီး တွေ့ရှိချက်များပေါ် မူတည်ပြီး ဝန်ကြီးဌာနအနေဖြင့် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအချိန်တွင် ကျန်းမာရေးဝန်ထမ်းများ အဆင်ပြေစေရေးသည် အဓိကအရေးအကြီးဆုံး ဖြစ်သဖြင့် ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ နေရာအဆောက်အဦ၊ ဟိုတယ်များကို နေထိုင်ခွင့်ပေးသည့် အလှူရှင်များအားလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်သို့ မိမိဆန္ဒအလျောက် သွားရောက်တာဝန်ထမ်းဆောင်နေသော တိုင်းဒေသကြီး/ ပြည်နယ်များမှ ကျန်းမာရေးဝန်ထမ်းများအားလည်း အထူးဂုဏ်ယူအသိအမှတ်ပြုပါကြောင်း၊ ယခုအခြေအနေသည် ကူးစက်မှုဒုတိယလှိုင်း စနေသည့် အခြေအနေဖြစ်သဖြင့် ရောဂါပိုးတွေ့ရှိသူအရေအတွက်များ ဆက်လက်မြင့်မားနိုင်မည် ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါကူးစက်ဖြစ်ပွားသူများ ရုတ်တရက်များပြားလာကာ၊ အသွားအလာ ကန့်သတ်ထားရသူများလည်း များပြားလာသည်ဖြစ်ရာ အသွားအလာကန့် သတ်ရာနေရာအချို့တွင် အစဦးကာလ၌ အဆင်မပြေမှုများ ရှိခဲ့သည်ကို သိရှိရပါကြောင်း၊ ထိုသို့ အဆင်မပြေမှုများကို နားလည်သည်းခံစေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်သွားလျက် ရှိပါကြောင်း၊ အဓိက ပြောကြားလိုသည်မှာ ပြည်သူ့တစ်ဦးတစ်ယောက်ချင်းစီ တာဝန်သိစွာဖြင့် မိမိတို့ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်ပါက ဒုတိယလှိုင်း၏ ဖြစ်ပွားမှု ပမာဏနှင့် အရှိန်ကို လျော့ချနိုင်ပြီး မကြာခင် ထိန်းချုပ်နိုင်မည်ဟု ယူဆပါကြောင်း ပြောကြားသည်။
အစည်းအဝေး၌ အသွားအလာကန့်သတ်ခြင်း သတ်မှတ်ချက်များ၊ ဆေးရုံဆင်းခွင့်သတ်မှတ်ချက်များနှင့် ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ သတ်မှတ်ချက်များကို ဖြစ်ပေါ်ပြောင်း လဲလျက်ရှိသော အခြေအနေအရပ်ရပ်နှင့် ရရှိသော အရင်းအမြစ်များနှင့် ကိုက်ညီစွာ မွမ်းမံပြင်ဆင်ရန်အတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာ ပညာရှင်များ သီးခြားဆွေးနွေးမှုများပြုလုပ်ပြီး မွမ်းမံရေးဆွဲရန်၊ ကျန်းမာရေးဝန်ထမ်းများ လူနာများအားကိုင်တွယ်ကုသပေးပြီးနောက် ရောဂါကူးစက်ခံရနိုင်ချေရှိသည့်အတွက် နေအိမ်သို့မပြန်လိုဘဲ သီးခြားနေထိုင်နိုင်ရန်၊ စားသောက်ရန်နှင့် ဆေးရုံနှင့်အဆောင် ကြိုပို့ရန် ဆောင်ရွက်နေမှုများအား ဦးစားပေးဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ လူနာနှင့်ထိတွေ့ခဲ့သူများနှင့် စောင့်ကြည့်လူနာများအား ဓာတ်ခွဲ စစ်ဆေးပြီးနောက် ရောဂါပိုးတွေ့ရှိပါက သက်ဆိုင်ရာ ကိုဗစ်-၁၉ ကုသရေးဌာနသို့ ရောဂါပြင်း ထန်နိုင်ချေရှိမှု အခြေအနေအလိုက် စနစ်တကျလွှဲပြောင်းနိုင်ရေးအတွက် လုပ်ငန့်အဆင့်ဆင့် လမ်းညွှန် (flow chart) များ ရေးဆွဲဖြန့်ဝေထားရန်၊ အသွားအလာကန့်သတ်ရာနေရာများတွင် အသွားအလာကန့်သတ်ထားသူများ၏ အချက်အလက်၊ စာရင်းဇယားများကို ကွန်ပျူတာစနစ်ဖြင့် ဖြည့်စွက်ထားရှိရန်၊ ဆေးတက္ကသိုလ်များရှိ ဓာတ်ခွဲခန်းများတွင် PCR စက်များ ထပ်မံတပ်ဆင်ကာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်ရန်၊ အသွားအလာကန့် သတ်ခြင်းခံရသူ (သို့မဟုတ်) ရောဂါပိုးကူးစက်ခံရသူ ကျန်းမာရေးဝန်ထမ်းများကို သာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ ပံ့ပိုးမှုများဆောင်ရွက်ရန် တို့ကိုဆုံးဖြတ်ခဲ့သည်။
ထို့အပြင် ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနမှ အရာရှိကြီးများသည် Videoconferencing ကို အသုံးပြုကာ လက်ရှိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားကူးစက်မှုအခြေအနေနှင့် သေဆုံးမှုအခြေအနေများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ လက်ရှိချမှတ်ကျင့်သုံးနေသော အသွားအလာကန့်သတ်ခြင်းကာလနှင့် နေရာသတ်မှတ်ချက်များ၊ ဆေးရုံဆင်းခွင့်သတ်မှတ်ချက်များ၊ ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ သတ်မှတ်ချက်များနှင့် ပတ်သက်၍ ပြန်လည်လေ့လာသုံးသပ်ပြီး၊ လက်တွေ့မြေပြင်အခြေအနေနှင့် ကိုက်ညီသော ပြုပြင်ပြောင်းလဲသင့်သည့် အချက်များကို ဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


