ရန်ကုန် ၄ စက်တင်ဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကနေဒါနိုင်ငံမှ N-95 Mask များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံရုံးမှ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာသံမှူး မစ္စဂျနီဖာဟာ့တ်က N-95 Mask များ လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက လှူဒါန်းမှုနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံရုံးမှ နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ သံမှူး မစ္စဂျနီဖာဟာ့တ်က N-95 Mask အရေအတွက် ခုနစ်သောင်းကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းထံ ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယနေ့ လှူဒါန်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကနေဒါနိုင်ငံက ကနေဒီယံဒေါ်လာ ၄၈၉၉၃၄ တန်ဖိုးရှိ N-95 Mask များကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း၊ဓာတ်ပုံ - ဇော်မင်းလတ်


