နေပြည်တော် ၂၆  သြဂုတ်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အင်ဂျင်နီယာများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

 

mdn

 

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် - ဝန်ကြီးဌာနရှိ အခြေခံအဆောက်အဦများနှင့် စက်ပစ္စည်းကိရိယာများကို တည်ဆောက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ကာ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုနှင့် အောင်မြင်မှုများအတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသော အင်ဂျင်နီယာများ၏ လုပ်ငန်းဆောင်ရွက်မှု အဆင်ပြေချောမွေ့စေရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးတို့သည် အရေးကြီးပါကြောင်း၊ ယခု အလုပ်ရုံဆွေးနွေးပွဲကို လုပ်ငန်းဆောင်ရွက်ရာ၌ တွေ့ကြုံရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ဖော်ထုတ်၍ ဝိုင်းဝန်းအဖြေရှာခြင်းနှင့် အားဖြည့်ဆောင်ရွက်ခြင်းတို့ ပြုလုပ်နိုင်ရေးအတွက် ဆွေးနွေးနိုင်ရန် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထိုသို့ဆွေးနွေးကြရာ၌လည်း အပြုသဘောဆောင်သော ဆွေးနွေးမှုများဖြင့် လုပ်ငန်းဆောင်ရွက်မှုပုံစံနှင့် စနစ်ကောင်းတစ်ရပ် ပေါ်ထွက်လာရေး ဝိုင်းဝန်းဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ အင်ဂျင်နီယာ (၂၃၄) ဦးတွင် မြို့ပြ၊ လျှပ်စစ်၊ စက်ပိုင်းဆိုင်ရာနှင့် ရေသန့်ဟူ၍ ကျွမ်းကျင်မှုအလိုက် ရှိသော်လည်း လုပ်ငန်းရပ်တစ်ခုချင်းစီအလိုက်တွင် ပိုမိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ စက်ကိရိယာပစ္စည်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှု စရိတ်များသည် (၂၀၁၈) ခု (၆) လ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ (၇) ဘီလီယံကျော်ခန့်၊ (၂၀၁၈-၁၉) ခုဘဏ္ဍာနှစ်တွင် ယခုအထိ ကျပ်ငွေ (၉) ဘီလီယံကျော်ခန့် ကုန်ကျလျက်ရှိပါကြောင်း၊ ထိုသို့ကုန်ကျမှုများကို အလေအလွင့်မရှိစေဘဲ အကျိုးရှိထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စေလိုပြီး ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံးပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ တင်ဒါခေါ်ယူဆောင်ရွက်မှုလုပ်ငန်းများတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝန်ကြီးဌာနမှ အင်ဂျင်နီယာများပါဝင်ဆောင်ရွက်စေရမည်ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးဌာနရှိ ဦးစီးဌာန (၇) ခုမှ အင်ဂျင်နီယာဝန်ထမ်းလိုအပ်ချက်များ ကိုလည်း ဆွေးနွေးစေလိုပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တိကျသော လုပ်ငန်းတာဝန်သတ်မှတ်ခြင်း၊ လုပ်ငန်းတာဝန် အလိုက် ခွဲဝေဆောင်ရွက်ခြင်း၊ ဦးစီးဌာနများအကြားနှင့် တစ်ဦးနှင့် တစ်ဦးအကြား ချိတ်ဆက် ဆောင်ရွက်ခြင်း တို့ဖြင့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ အင်ဂျင်နီယာများ၏ လုပ်ငန်းဆောင်ရွက်အောင်မြင်မှုများကို နှစ်ပတ်လည် အစီရင်ခံစာ (annual report) အဖြစ်ပုံမှန် ပြုစုထုတ်ဝေစေလိုပါကြောင်း၊ ဝန်ကြီးဌာနသည် ဂျပန်နိုင်ငံ Okayama တက္ကသိုလ်၏ အကူအညီဖြင့်  ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာဒီပလိုမာ (Medical Engineering Diploma) သင်တန်းကို ပထမအကြိမ်ဖွင့်လှစ်ပြီးစီးခဲ့ပြီး သင်တန်းသား/ သူများထဲမှ ထူးချွန်စွာ အောင်မြင်ကြသူ (၂) ဦးကို ဂျပန်နိုင်ငံတွင် ဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာ မဟာသိပ္ပံဘွဲ့တက်ရောက်နိုင်ရန် စေလွှတ်နိုင်ခဲ့ပါကြောင်း၊ အလားတူသင်တန်း များ၊ ပြည်တွင်းနှင့် ပြည်ပ စွမ်းဆောင်ရည်မြှင့်သင်တန်းများကိုလည်း ဆက်လက်ပြုလုပ်စေ လွှတ်သွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအကျိုးရှိထိရောက်စေရန်အတွက် စည်းမျဉ်း စည်းကမ်းများ၊ လုပ်ငန်းအဆင့်များကို ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့် ခေတ်ကာလတို့နှင့် အညီကိုက်ညီဆီလျော်မှုရှိစေရေး မွမ်းမံပြင်ဆင်သွားရမည်ဖြစ်ပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးအကြံပြုချက်များနှင့် အညီ လမ်းပြမြေပုံနှင့် မူဘောင်များ ချမှတ်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အမှာစကားပြောကြားခဲ့သည်။

(၂၆-၈-၂၀၁၉) ရက်နေ့နှင့် (၂၇-၈-၂၀၁၉) ရက်နေ့ (၂) တာကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲတွင် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ မြို့ပြဘာသာရပ်၊ ရေသန့်ဘာသာရပ်၊ လျှပ်စစ်ဘာသာရပ်နှင့် ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေး တို့နှင့်ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦးစီးဌာနနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်မှ ပညာရှင်များက ဟောပြောခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီးမှ တင်ပြဆွေးနွေးခြင်း၊ အစုအဖွဲ့များခွဲ၍ ဆွေးနွေးခြင်းနှင့် အကြောင်းအရာခေါင်းစဉ် တစ်ခုချင်းစီအလိုက် အပြန်အလှန် ဆွေးနွေးအကြံပြုခြင်း တို့ကို ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနအသီးသီးမှ အင်ဂျင်နီယာများ တက်ရောက်ခဲ့သည်။

MDN