ရန်ကုန် ၁၅ ဩဂုတ်
ရန်ကုန်မြို့ သာကေတမြို့နယ် စက်မှုလက်မှုရပ်ကွက် ၊မြခွာညိုလမ်းရှိ သာကေတ မိကျောင်းမွေးမြူရေးစခန်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်နှင့်အညီ လိုက်နာမှုဖြင့် ဩဂုတ် ၁ ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်လျက် မိကျောင်းပြကွက် ၇မျိုးကို ပြသလျက်ရှိကြောင်း သိရသည်။
“ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရဲ့ လမ်းညွှန်မှုအတိုင်း လာရောက်တဲ့ပြည်သူတွေကို အပူချိန်တိုင်း၊ နှာခေါင်းစည်းပေးပြီး လက်ဆေးခိုင်းတယ်။ စခန်းထဲမှာလည်း တစ်ဦးခြောက်ပေကွာ ကြည့်ရှုကြပါတယ်။ ဒီကာလမှာတော့ ရုံးဖွင့်ရက်တစ်ရက် ၃၀ နဲ့ ရုံးပိတ်ရက် ပြည်သူ ၅၀ ကနေ ၁၀၀ ကြား ကြည့်ရှုကြပါတယ်။ ဝန်ထမ်းတွေကလည်း အမြဲစောင့်ကြည့်ပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားချက်အတိုင်း လာရောက်ကြည့်ရှုသူတွေကို သတိပေးပါတယ်။ ပွင့်လင်းရာသီမှာ အခြားသော ဝန်ဆောင်မှုများ ပေးဖို့လည်း စီမံဆောင်ရွက်နေပါတယ်” ဟု မိကျောင်းမွေးမြူရေး စခန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမင်းလှိုင်က ပြောသည်။
အဆိုပါ မိကျောင်းမွေးမြူရေး စခန်းအား ၁၉၉၇-ခုနှစ်၊ နိုဝင်ဘာ ၆ ရက်တွင် ဧက ၄၀ အကျယ်၌ ဖွင့်လှစ်ခဲ့ပြီးတစ်ပေ အရွယ်မှ ၁၀ ပေ အထက် အရွယ်စုံ မိကျောင်း ၅၅၀ ကျော် မွေးမြူထားကာ ကမ္ဘာတွင် ရှားပါးစပြုနေသော ရေငန်မိကျောင်း တစ်မျိုးတည်းကိုသာ ထိန်းသိမ်း၍ ဖွင့်လှစ်ပြသလျက်ရှိသည်။ မြန်မာနိုင်ငံတွင် နက္က(ခေါ်) အင်းမိကျောင်း၊ သံသုမာ(သို့)ငမိုးရိပ် (ခေါ်) ရေငန်မိကျောင်း၊ ကုမ္ဘိလမိကျောင်းနှင့် ထိုင်းမိကျောင်း မျိုးစိတ်တို့ရှိပြီး သာကေတမွေးမြူရေး စခန်း၌ သံသုမာ(သို့) ငမိုးရိပ်(ခေါ်) ရေငန်မိကျောင်း တစ်မျိုးတည်းကိုသာ မွေးမြူပြလျက်ရှိကာ အများပြည်သူအား ပြကွက် ၇ မျိုးကို ပြသရာ၌မိကျောင်း ပါးစပ်အတွင်းမှ ပိုက်ဆံအားပါးစပ်ဖြင့် ကိုက်၍ ထုတ်ယူပြသသော ပြကွက်ကို ကြည့်ရှုသူများ အထူးစိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။
ရေငန်မိကျောင်းသည် သက်တမ်း ၇၀ မှ ၁၀၀ ထိ နေထိုင်နိုင်ပြီး အထီးသည် အမထက် အရွယ်အစားကြီးမားကာ အထီးထက် ၃ ပေ ပိုမိုရှည်လျားသည်။
နှစ်စဉ်ဖေဖော်ဝါရီလတွင် စတင်မိတ်လိုက်၍ ဧပြီလတွင် အုချလေ့ရှိကာ မိကျောင်းတစ်ကောင်လျင် အု ၂၀ မှ ၇၀ ထိ အု လေ့ရှိပြီး ရက် ၉၀ အကြာတွင် ရှစ်လက်မအရွယ်သို့ရောက်ရှိသောကြောင့် တစ်နှစ်ကြပါက တစ်ပေရှည်လျား ကြီးထွားလေ့ရှိကြောင်း သိရသည်။ ကမ္ဘာပေါ်၌ မျိုးသုဉ်း သတ္တဝါများတွင် မြန်မာနိုင်ငံရှိ ရေငန်မိကျော်ငး မျိုးစိတ်များလည်း ပါဝင်လျက်ရှိကာ ထိုရှားပါး မိကျောင်းများအား သာကေတ မိကျောင်းမွေးမြူရေး စခန်းတွင် အများပြည်သူများ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ပြကွက် ၇ မျိုးဖြင့် ပြသလျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-သန်းစိုး ၊ သန်းထိုက်