နေပြည်တော်   အောက်တိုဘာ  ၇

 

ကျန်းမာရေးဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ခုတင်(၂၀၀)နှင့် အထက် ပြည်သူ့‌ဆေးရုံကြီးများနှင့် အထူးကုဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အမျိုးသား ရေးလုပ်ငန်းစဉ်(၂)ရပ်အဖြစ် “တိုင်းပြည်သာယာဝပြောရေး”နှင့် “စားရေရိက္ခာဖူလုံရေး”တို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းစဉ်များအတွက် ပြည်သူများ ကျန်းမာကြံ့ခိုင် ရေးသည် အခြေခံလိုအပ်ချက်ဖြစ်ပြီး လူမှုရေးဦးတည်ချက်၌ “တစ်မျိုးသားလုံး သက်ရှည် ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူများအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားက စားကဏ္ဍမြှင့်တင်ရေး”ပါဝင်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါ ဦးတည်ချက် များကို ပြည့်မီအောင် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံး ရည်မှန်းချက်၊ လုပ်ငန်းစဉ်များကို သိရှိပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

 

 ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မွေးစမှသေဆုံးသည်အထိ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှု(Life cycle approach)ဖြင့် ဆောင်ရွက်လျက်ရှိရာ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိခင်ကလေး ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း အလေးထားဆောင်ရွက်ရန်နှင့် မိခင်သေဆုံးမှု၊ ကလေးသေဆုံး မှုများ လျော့ကျနိုင်ရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း ဆောင်ရွက်မှုများကို စနစ်တကျဆန်းစစ်မှု ဆောင်ရွက်နိုင်ရန်အတွက် Hospital Information System, Health Management Information System (HMIS) တို့ကို ပိုမိုအားကောင်းအောင် ကြီးကြပ်ဆောင်ရွက် ရန်နှင့်လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေကို အကျိုးရှိစွာ စနစ်တကျ ဆောင်ရွက်ကြရန်နှင့် အဂတိကင်းရှင်းရေးအတွက် အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပြည်သူများသိရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူရရှိနိုင်စေရေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကိုတင်ပြကြပြီး အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်သည်။

 

အဆိုပါ အစည်းအဝေးကို အောက်တိုဘာ (၉) ရက်အထိ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)