ကံမ ၃၀ ဩဂုတ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (JICA Two Step Loan) သင်တန်းကို ဩဂုတ် ၃၀ ရက် နံနက်က ကျင်းပပြုလုပ်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြသည်။
အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးဇော်ဝင်းနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးတို့က အဖွင့်အမှာစကားပြောကြားပြီးနောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာဒေါ်ညိုမာမြင့်က စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (JICA Two Step Loan)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် တောင်သူလယ်သမားများအနေဖြင့် လယ်ယာလုပ်ငန်းခွင်တွင် အသုံးပြုရန် စက်ကိရိယာများအနက် မိမိဝယ်ယူလိုသည့် စက်ပစ္စည်းတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းအား ကနဉီးပေးသွင်းစေပြီး ၅ နှစ်အရစ်ကျဆပ်စနစ်ဖြင့် မြန်မာ့လယ်ယာဖွံ့ဖြုးရေးဘဏ်မှ အကျိုးဆောင် ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


