မင်းဘူး  ၂၁  သြဂုတ် 

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကန်ရေကျေးရွာမှ တောင်သူများသည် မိုးစပါးများ ပျိုးထောင်ချိန်တွင် မိုးရွာသွန်းမှု နည်းလွန်းသဖြင့် စက်တွင်းရေဖြင့် ရေစုပ်တင်ပြီး ပျိုးထောင် ရသော်လည်း စိုက်ပျိုးပြီးချိန်တွင် မိုးများဖြိုင်ဖြိုင် ရွာသွန်းလာသဖြင့် စပါးပင် ကြီးထွားနှုန်း ပိုကောင်းလာကြောင်း ကန်ရေကျေးရွာ စပါးစိုက် တောင်သူများထံမှ သိရသည်။

 

ကန်ရေကျေးရွာမှ စပါးစိုက် တောင်သူများသည် ဇွန်လနှင့် ဇူလိုင်လများတွင် မိုးရွာသွန်းမှု နည်းပါးသဖြင့် ပျိုးခင်းများကို မြေမွပြီး ညက်နေအောင် ထွန်ယက်ကာ အစိုဓာတ်ထိန်းနိုင်စေရန် ကြမ်းတုံးရိုက်ပြီး မြေညှိရသည်။ ပြီးလျှင် ဒုတိယအကြိမ် ထပ်ထွန်ပြီး ကြမ်းတုံးရိုက်ပေးရသည်။ ညှိထားသော မြေပေါ်တွင် ရေစိမ်၍ အညှောက်ဖောက်ထားသော မျိုးစပါးများကို တစ်ဧက ၄ တင်းနှုန်းကြဲပက်ပေရသည်။ ကြဲပင်ပြီး ၁၅ ရက်၊ ရက် ၂၀ အကြာတွင် မြေသြဇာကျွေးပေးရသည်။ ထို့နောက် ပျိုးပင်များ ၃၀/၃၅ ရက်သားအရွယ် ရောက်လာပါက ခွဲစိုက်လို့ရသည်။

 

mdn

 

စိုက်ပျိုးပြီး ၁၅ ရက်၊ ရက် ၂၀ အကြာတွင် ဒုတိယအကြိမ်၌ ရိုးရိုးမြေသြဇာသာ ကျွေးပေးရသော်လည်း သားတက်များထွက်၍ အပင်ပွားချိန်တွင် တစ်ဧကလျှင် ယူရီယား အိတ်တစ်ဝက်နှင့် ပိုတက်လေးပုံ့တစ်ပုံ ကျွေးရပြန်သည်။ စပါးပင်များ ကြီးထွားချိန်တွင် မေအစိုဓာတ်ရှိရုံ ရေစပ်စပ်သာ သွင်းပေးရပြီး မိုးများရွာသွန်းလာလျှင် မိုးရေများ မဆုံးရှုံးစေရန် ကန်သင်းများကို ရေလုံအောင် ဆယ်ဖို့ထားရသည်။ မိုးရေသည်အပင်များကို လန်းဆန်းစေသဖြင့် စပါးပင်များ၏ ရှင်သန်ကြီးထွားနှုန်း ပိုကောင်းစေသည်။ အပင်သက်တမ်းတစ်လျှောက် ပိုးမွှားကင်းစင်အောင် ပိုးသတ်ဆေးဖျန်းခြင်း၊ ပေါင်းမြက်နှုတ်ခြင်း၊ မြေသြဇာမှန်မှန်ကျွေးခြင်းတို့ကို ဂရုတစိုက်ပြုလုပ်ပေးနိုင်ပါက အပင်ကြီးထွားနှုန်းကောင်းပြီး စပါးအထွက်တိုးစေကြောင်း သိရသည်။

 

 

ဇေယျာထက်  (မင်းဘူး )