ကန္တာရကျိုင်းကောင်(နှံကောင်) (Desert Locust) မှာ သိပ္ပံအခေါ် Schistocerca gregaria ဖြစ်ပြီး နှံကောင်မျိုးနွယ်ဝင် ဖြစ်ပါသည်။ ၎င်းတို့သည် သဲကန္တာရဆန်သော မြေများတွင် အုချလေ့ရှိပြီး လိုအပ်သောအစိုဓါတ်ရရှိသည်နှင့် နှံကောင်ငယ်များ ပေါက်ပွားလာပေသည်။ အတောင်ပေါက်၍ ပျံနိုင်သည့်အဆင့်သို့ ရောက်ရှိလာသည့် နှံကောင်အုပ်စုငယ်များ အုပ်စုတစ်ခုနှင့်တစ်ခု စုပေါင်းမိကြသည့်အခါ ရှည်လျားသည့် နှံကောင်အုပ်စုကြီးများအဖြစ် မိုင်ထောင်ပေါင်းများစွာ ပျံသန်းသွားနိုင်၍ သွားရာလမ်းတစ်လျှောက် စိမ်းစိမ်းမြင်သမျှ အကုန်စားသောက် ဖျက်ဆီးတတ်ပါသည်။
ကန္တာရကျိုင်းကောင်(နှံကောင်)များ၏ ပေါက်ပွားရာဒေသမှာ အာဖရိကတိုက် အလယ်ပိုင်းမှတစ်ဆင့် ပါကစ္စတန်၊ အိန္ဒိယတို့ရှိ ကန္တာရလွင်ပြင်များသို့ ရောက်ရှိလာပြီး လေကြောင်းလမ်းအတိုင်း နီးစပ်ရာနိုင်ငံပေါင်းများစွာသို့ ချင်းနင်းဝင်ရောက် တိုက်ခိုက်တတ်ပါသည်။
စားသောက်ဖျက်ဆီးပုံသဘာဝ
နှံကောင်ကြီးများ၏ သက်တမ်းမှာ (၃ မှ ၅) လရှိပြီး နှံကောင်အုပ်စုများသည် လေစုန် တစ်နေ့လျှင် (၅၀ မှ ၁၀၀) ကီလိုမီတာအထိ ပျံသန်းနိုင်ကြပြီး သီးနှံမျိုးစုံ အကုန်စားသောက် ဖျက်ဆီးတတ်ပါသည်။
မြန်မာနိုင်ငံသို့ ကျူးကျော်လာနိုင်သည့်အန္တရာယ်
မြန်မာနိုင်ငံတွင် နှံကောင်အုပ်စုများ ကျရောက်ဖျက်ဆီ:မှုသာဓက မရှိသေးသော်လည်း အနောက်ဘက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် ပါကစ္စတန်တို့တွင် ကျရောက်ဖျက်ဆီးခဲ့သည့် အထောက်အထားများ ရှိနေပြီးဖြစ်ပါသဖြင့် လက်တစ်ကမ်းအကွာအဝေး၌ ရှိနေသော အန္တရာယ်ကို အစဉ်သတိရှိစွာဖြင့် စောင့်ကြည့်သွားရန်လိုအပ်ပါသည်။ (၁၉၈၂) ခုနှစ်တွင်လည်း အလားတူနှိုးဆော်ချက် ထုတ်ခဲ့ဖူးပါသည်။
သတိထားစောင့်ကြည့်ရမည့်ဒေသများ
ကန္တာရကျိုင်းကောင်(နှံကောင်)များ ဖြတ်သန်းဝင်ရောက်လာနိုင်မည့် အန္တရာယ်ကို မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ အောက်ပါဒေသများတွင် သတိထားစောင့်ကြည့်ရန် သတ်မှတ်ပါသည်။
(က) ရခိုင်ပြည်နယ်
(၁) မောင်းတော
(၂) ဘူးသီးတောင်
(၃) ရသေ့တောင်
(၄) စစ်တွေ
(၅) ကျောက်ဖြူ
(ခ) ချင်းပြည်နယ်
(၁) တွန်းဇံ
(၂) ထန်တလန်
(၃) ပလက်ဝ
(ဂ) စစ်ကိုင်းတိုင်း
(၁) လေရှီး
(၂) ဟုမ္မလင်း
(၃) တမူး
(ဃ) ကချင်ပြည်နယ်
(၁) ပူတာအို
(၂) မချမ်းဘော
ဆက်သွယ်ရမည့်ဌာနများ
ကန္တာရကျိုင်းကောင်(နှံကောင်)များ တွေ့လျှင်တွေ့ရှိခြင်း ထိရောက်သော နှိမ်နင်းမှုများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ စိုက်ပျိုးရေးဦးစီးဌာန အဆင့်ဆင့်နှင့် ဆက်စပ်အဖွဲ့အစည်းများကို ချက်ချင်းအကြောင်းကြားရန် ဖြစ်ပါသည်။
ကန္တာရကျိုင်းကောင်(နှံကောင်)၏ ရုပ်သွင်ပြင်လက္ခဏာ
ကန္တာရကျိုင်းကောင်(နှံကောင်)ကို စစ်ဆေးသိရှိနိုင်ရန်အတွက် ရုပ်သွင်ပြင် လက္ခဏာကို အောက်တွင် ရှင်းလင်းဖော်ပြထားပါသည်။ အကောင်ကြီးများ၏ အရွယ်အစားမှာ အထီး (၄ - ၅) စင်တီမီတာ၊ အမ (၅ - ၆) စင်တီမီတာ ရှည်လျားပြီး အဝါရင့်ရောင် (သို့မဟုတ်) ပန်းရောင် ရှိပါသည်။ အတောင်ပေါ်တွင် အညိုရင့်ရောင်အပြောက်များ တွေ့ရှိရပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန


