လွိုင်ကော် ၉ မေ
ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ အပစ်အခတ်ရပ်စဲမှု (၂၅)နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လွိုင်ကော်မြို့၊ ပန်ကန်းကျေးရွာရှိ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ဗဟိုဌာနချုပ်ခွဲ) ၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၏ အပစ်အခတ် ရပ်စဲမှု (၂၅)နှစ်ပြည့် အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် တိုင်းရင်းသား (၉)မျိုး၏ စုပေါင်းအကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ပြီး ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး ဥက္ကဋ္ဌ ဦးထွန်းကျော်က နှုတ်ခွန်းဆက် စကားပြောကြားသည်။
ထို့နောက် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ဂုဏ်ပြုစကား ပြောကြားရာတွင် မိမိအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သည့် (၃)နှစ်ကျော် ကာလအတွင်း အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေးလမ်းကြောင်းကို သွားရာတွင် (၂၁)ရာစုပင်လုံ၊ NCA လမ်းကြောင်းများဖြင့် သွားရန်လိုပြီး ငြိမ်းချမ်းရေးပိုမိုခိုင်မာလာရန် ကြိုးပမ်းဖို့လိုပါကြောင်း၊ လက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များက တိုက်ပွဲများ ဆက်လက်မဖြစ်ပွားလိုဟု ပြောဆိုနေမှုများကို ကြားနေရကြောင်း၊ အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားနေသည်မှာ ပြည်သူများပင်ဖြစ်ကြောင်း၊ ငြိမ်းချမ်းမှသာလျှင် ပြည်သူများ၏ လူမှုစီးပွားများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဒွန်တွဲဆောင်ရွက်ရာတွင် ရေ၊ မီး၊ လမ်း စသည့် ကဏ္ဍများကို ဦးစားပေး ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် အဖွဲ့အစည်းအသီးသီး၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ပူးပေါင်း၍ သွေးစည်းညီညွတ်စွာဖြင့် ပိုမိုခိုင်မြဲလာအောင် ဆောင်ရွက်ရန်လိုပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရေးအတွက် စွမ်းဆောင်ခဲ့သည့် ဂုဏ်ပြုသင့်သူများကို ဂုဏ်ပြုပေးရမည်ဖြစ်ပြီး ယခုလို ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များကို ဂုဏ်ပြုပေးသည်ကိုလည်း များစွာဝမ်းမြောက်ပါကြောင်း၊ ပြည်ထောင်စုကြီး တည်ဆောက်ရာတွင်လည်း ငြိမ်းချမ်းပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ကယားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးပိုးရယ်က ဂုဏ်ပြုအားပေး စကားပြောကြားပြီး ငြိမ်းချမ်းရေးအကျိုးတော်ဆောင် (၃)ဦးဖြစ်သည့် ကယားပြည်နယ် ကက်သလစ် ခရစ်ယာန် သာသနာဆရာတော် ဆိုတေးရိုဖားမော၊ နှစ်ခြင်းခရစ်ယာန် သာသနာ ဆရာတော်ဧလိယနှင့် မယ်စဲ့မြို့နယ်မှ ဦးမြတ်စံတို့အား ဂုဏ်ပြုခြင်း ဆောင်ရွက်ကာ ဂုဏ်ပြုရသည့်အကြောင်းရင်းကို မိတ်ဆက်ရှင်းလင်း ပြောကြားသည်။

ထို့နောက် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် (၃)ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အပစ်အခတ်ရပ်စဲရေးမှ ငြိမ်းချမ်းရေးသို့ (၂၅)နှစ်ပြည့် ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်လာသည့် လူထုကိုယ်စားလှယ်တစ်ဦးက ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ အကြံပြုစကားပြောကြားကာ ဗဟိုကော်မတီဝင် ရဲဘော်ရိုစီနာက နိဂုံးချုပ် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
လွိုင်ကော်သား
