ကော့ကရိတ် ၁ ဇွန်
ကရင်ပြည်နယ် အစိုးရအဖွဲ့အစီအစဉ်ဖြင့် ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကော့ကရိတ်မြို့နယ် မိုးစပါးရေတော်မိုးတော် စိုက်ပျိုးသည့် အကျိုးဆောင်တောင်သူများအား ကိုရီးယားကွန်ပေါင်းဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီအချိန်က ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးမှ အကျိုးဆောင်တောင်သူများအား ကိုရီးယား ကွန်ပေါင်းဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ကိုရီးယား ကွန်ပေါင်းဓါတ်မြေသြဇာများအား ပြည်နယ်အစိုးရ အစီအစဉ်ဖြင့် ပြည်သူများ စမ်းသပ်သုံးစွဲနိုင်ရန် အစမ်းသဘောဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်များတွင် ကိုရီးယားပညာရှင်များနှင့် ပူးပေါင်း၍ ကိုရီးယားကွန်ပေါင်းဓါတ်မြေသြဇာဖြင့် စံပြစိုက်ပျိုးမည်ဖြစ်ကြောင်း၊ အသီးအပင်များ ယခင်ထက် (၁၀) ရာခိုင်နှုန်းတိုးပွားစေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်မှ ကိုရီးယား ကွန်ပေါင်းဓါတ်မြေသြဇာများတွင် ပါဝင်သော အာဟာရဓါတ်များနှင့် အကျိုးရှိစွာ အသုံးပြုနည်းများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ကိုရီးယားကွန်ပေါင်း ဓါတ်မြေသြဇာများအား ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာမှ အကျိုးဆောင် တောင်သူကိုယ်စားလှယ်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ ပေးအပ်ခဲ့ကြသည်။
ကိုရီးယားကွန်ပေါင်းဓါတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အကျိုးဆောင် တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
စိုးထက်အောင်(ပြန်/ဆက်)


