နေပြည်တော် ၂၀ သြဂုတ်
ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့သည် ယနေ့နံနက်ပိုင်းတွင် သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ကရင်ပြည်နယ်မှ ကော်မရှင်သို့ ပေးပို့တိုင်ကြားလာသော တိုင်တန်းချက်ပါ အခြေအနေများ၊ ကော်မရှင်မှ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲစခန်း၊ တရားရုံးနှင့် ဆေးရုံအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးမှုများ၊ လူ့အခွင့်အရေးဖောက်ဖျက်မှုဖြစ်ပွားသည့် နေရာများသို့ ကွင်းဆင်းစုံစမ်း စစ်ဆေးမှု၊ လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ ကော်မရှင်၏ ဆောင်ရွက်နေမှုများကို ဆွေးနွေးပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥပဒေ၊ ကမ္ဘာ့လူ့အခွင့် အရေးကြေညာစာတမ်း (UDHR)၊ ပြည်သူ့ရေးရာနှင့် နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ICCPR) စာအုပ်များနှင့် ကော်မရှင် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


