ဘားအံ အောက်တိုဘာ ၂၅

ကရင်ပြည်နယ်  ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် စာသင်၊ စာချ သီတင်းသုံးနေထိုင်တော် မူသော ဆရာတော်၊ သံဃာတော်၊ သာမဏေနှင့် သီလရှင်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရေးနှင့် ပစ္စည်းလေးပါး အဆင်ပြေစေရေး၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ဖြစ်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၏ ဆွမ်းဆန်တော်လောင်းလှူပွဲကို  နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုအခါ(၇၄)ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရွှေယဉ်မျှော်ပြည်တော်ဧ စေတီတော်၏     (၇၄) ကြိမ်မြောက်မြို့လုံးကျွတ် ဆွမ်းဆန်တော်လောင်း လှူပွဲကို သီတင်းကျွတ်လဆန်း ၉ ရက်မှ ၁၁ ရက် အထိ သုံးရက်တိုင်တိုင်ကျင်းပရာ ယနေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်      ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်  ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘားအံမြို့ပေါ် ရပ်ကွက်/ကျေးရွာများမှ စေတနာရှင် ပြည်သူများက  ဘားအံမြို့   အမှတ်(၂) ရပ်ကွက် စေတီတော်တည်နေရာမှစတင်၍ ဘားအံမြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်း ၄၅ ကျောင်းနှင့် သီလရှင် ကျောင်း ၁၂  ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်  ၂၃၁၂ ပါးတို့အား  ဆွမ်းဆန် တော်၊   ခေါက်ဆွဲခြောက်၊   တိုင်းရင်းဆေးအမျိုးမျိုး နှင့်  လှူဖွယ်ဝတ္ထုပစ္စည်းများကို      ဆက်ကပ် လှူဒါန်းလောင်းလှူပူဇော်ကြသည်။

ထို့သို့     ဆွမ်းဆန်တော်လောင်းလှူနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့က လှည့်လည်ကြည့်ရှု အားပေးပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်ချီးမြှင့်တော်မူသော   ဆရာတော်၊   သံဃာတော်၊ သာမဏေ၊   သီလရှင်များသည် မြို့ပေါ်ရပ်ကွက်များ သို့လည်း   သုံးရက်တိုင်တိုင် ဆွမ်းဆန်တော် အလှူခံ   ကြွရောက်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ 

စောမျိုးမင်းသိန်း(ပြန်/ဆက်)