ဘားအံ ၁၅ မေ
ကရင်ပြည်နယ်အတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အစမှ ယနေ့ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄ ခု ၊ ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅၄ သန်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၁၀ ခုမှ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ် ၃၆၂၈၂ ဒသမ ၅၇ သန်းတို့ကို အတည်ပြု ခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၀ဝ၀ ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း မေလ ၁၃ ရက် မွန်းလွဲ ၁ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ (၄/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးမှ သိရသည်။

အဆိုပါ အစည်းအဝေးသို့ ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ပြည်သူ့ဓနကုမ္ပဏီလီမိတက်( Pyi Thu Dana Co.,Ltd) ၏ ဆောက်လုပ်ရေးနှင့် ဘက်စုံလုပ်ငန်းသုံး အဆင့်မြင့်ဂျစ်(ပ်)ဆမ်အမှုန့်ကြိတ်ခွဲ သန့်စင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းအား ဥပဒေနှင့်အညီ အတည်ပြုမိန့်ထုတ်ပေးရန် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုပေးခဲ့သည်။

ပြည်သူ့ဓနကုမ္ပဏီလီမိတက်( Pyi Thu Dana Co.,Ltd) ၏ ဆောက်လုပ်ရေးနှင့် ဘက်စုံလုပ်ငန်းသုံး အဆင့်မြင့် ဂျစ်(ပ်)ဆမ် အမှုန့် ကြိတ်ခွဲသန့်စင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းသည် ဘားအံ-လှိုင်းဘွဲ ကားလမ်းမဘေးရှိ ဘားအံစက်မှုဇုန်၊ ဇုန်အမှတ်(၂)၊ အကွက်အမှတ်(၃၅)နှင့်(၃၆)၊ ဘားအံမြို့နယ်၊ ကရင်ပြည်နယ်ရှိ မြေ ၄ ဒသမ ဝ၅ ဧက တွင် မတည်ငွေရင်း ပမာဏ ကျပ် ၂၀၄၆ ဒသမ ၃၇ သန်းဖြင့် ဆောင်ရွက်သွားမည့်လုပ်ငန်းဖြစ်ပြီး တစ်နှစ်လျှင် တန်ချိန် (၁၄၄၀ဝ) ထုတ်လုပ်နိုင်သည့် ISO 9001, 2008 CE လက်မှတ်ရရှိထားသော အရည်အသွေးမြင့်မား ကောင်းမွန်သည့် ခေတ်မီစက်ကရိယာများဖြင့် ဂျစ်(ပ်)ဆမ် သဘာဝကျောက်များအား အခဲမှအမှုန့် (200 mesh မှ 315 mesh) အထိ သန့်ရှင်းစွာစနစ်တကျထုတ်လုပ်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကာ အနိမ့်ဆုံးလစာ ၁၅၀ဝ၀ဝ ကျပ်မှ အမြင့်ဆုံးလစာ ၆၀ဝ၀ဝ၀ ကျပ်ထိ ဒေသခံပြည်သူ ဝန်ထမ်း ၅၁ ဦးအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)