ဘားအံ  ၃   ဇူလိုင်

ကရင်ပြည်နယ်အတွင်းရှိ လယ်ယာလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး၊ စားသုံးမှုဖူလုံစေရေးအတွက် စိုက်ဧကများ ပြည့်မှီရေးအတွက် ရည်ရွယ်ကာ အကြောင်းအမျိုးမျိုးကြောင့် ကြာမြင့်စွာ စိုက်ပျိုးခြင်းမပြုတော့ဘဲ စိုက်ပျိုးရန် ခက်ခဲလာသည့်လယ်ယာမြေများ ပြန်လည်  အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်အတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အထိ စက်မှုလယ်ယာစနစ်ကျလယ်မြေ(၃၀၀)ဧကနှင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်း (၄၄၀၂) ဧကကို ဖော်ထုတ်ပြီးစီးပြီဖြစ်ကြောင်း ပြည်နယ်စက်မှု လယ်ယာဦးစီးဌာနမှ သိရသည်။

 

ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာနအောက်ရှိ စက်မှုလယ်ယာစခန်း(၂)ခုမှ ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ် မြို့နယ်များတွင် (၂၀၁၂-၂၀၁၃) ဘဏ္ဍာရေးနှစ်မှ (၂၀၁၈-၂၀၁၉) ဘဏ္ဍာရေးနှစ် အထိ စက်မှုလယ်ယာစနစ်ကျလယ်မြေ (၃၀၀)ဧက၊ လယ်ယာမြေအဆင့်မြှင့်တင်ခြင်း (၄၀၅၂)ဧက ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ ယခုနှစ် (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်တွင် လယ်ယာမြေအဆင့်မြှင့် တင်ခြင်း အနေဖြင့် ဘားအံမြို့နယ်တွင် (၁၅၀) ဧက၊ ကော့ကရိတ်မြို့နယ်တွင် (၂၀၀)ဧက ဆောင်ရွက်ပြီးစီးခဲ့ပြီ ဖြစ်သောကြောင့် စုစုပေါင်း စက်မှုလယ်ယာစနစ်ကျလယ်မြေ (၃၀၀)ဧကနှင့် လယ်ယာမြေအဆင့်မြှင့်တင်ခြင်း (၄၄၀၂)ဧက ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

 

စက်မှုလယ်ယာစနစ်ကျလယ်မြေဆိုတာက ဆည်ရေသောက်၊ မြစ်ရေတင် ဧရိယာများတွင် ရေသွင်းရေထုတ်မြောင်း၊ ကုန်ထုတ်လမ်းများ၊ ရေပေးအဆောက်အအုံ (Structure)များနဲ့ နှစ်သီးသုံးသီးစား စိုက်ပျိုးနိုင်ဖို့ စက်ယန္တရားကြီးများ ရာသီမရွေး ဝင်ထွက်လုပ်ကိုင်နိုင်ဖို့ တစ်ဧကကွက် ဖော်ထုတ်ပေးခြင်း ဖြစ်ပါတယ်။ နောက်တစ်ခုက လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းဆိုတာက စိုက်ပျိုးခြင်းမပြုဘဲ လှပ်ထားတဲ့ မူလလယ်ယာမြေများကို  သစ်ပင်ချုံနွယ်ရှင်းလင်းပြီး နောင်တချိန် စက်မှုလယ်ယာစနစ်ကျမြေများ ဖော်ထုတ်နိုင်ရန်၊ ကုန်ထုတ်လမ်းနဲ့ရေမြောင်းနေရာများ ချန်လှပ်လို့ ညီညာတဲ့  စိုက်ပျိုးမြေဖြစ်အောင် တစ်ဧကကွက်တွေဖော်ထုတ်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်လို့ ပြည်နယ်စက်မှု လယ်ယာဦးစီးဌာနမှ ဒုတိယ  ပြည်နယ်ဦးစီးမှူးက ပြောသည်။

 

အဆိုပါလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ပေးခြင်း လုပ်ငန်းများကို နှစ်စဉ်စိုက်ပျိုးမြေဧရိယာများ တိုးတက်ရေး ဆောင်ရွက်ပေးနေကြောင်းနှင့် စိုက်ပျိုးထွက်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ခြင်း၊ အလုပ်လက်မဲ့ လျော့နည်းစေ၍ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေနိုင်ကြောင်း သိရပါသည်။

ပြည်နယ်(ပြန်/ဆက်)