ဘားအံ ၂၄  မေ 
    

ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ လုပ်ငန်းရာသီနှစ်အတွက် ပြည်နယ်အတွင်းရှိ ဂရန်အင်း (၂၆ )အင်းနှင့် တင်ဒါငါးဖမ်းကွက် ( ၂၉ )ကွက်တို့အား လေလံတင်ရောင်းချသည့် အခမ်းအနားကို မေလ ၂၄ ရက်နေ့ မွန်းလွှဲ ၁ နာရီအချိန်ခန့်က ဘားအံမြို့ ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပသည်။
    

အခမ်းအနားတွင် လေလံတင်ရောင်းချရေးအဖွဲ့ခေါင်းဆောင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစောမြင့်ဦး နှင့် လေလံတင်ရောင်းချရေးအဖွဲ့ဝင်များက ဦးစားပေး အဆင့်မထားရှိဘဲ ပွင်းလင်းမြင်သာစွာ အများရှေ့မှောက်တွင် ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခဲ့သည်။


လေလံဆွဲဝယ်ယူရရှိသည့် လုပ်ကိုင်ခွင့်ရရှိသော အင်းများ၊ ငါးဖမ်းကွက်များအတွင်း တားမြစ်ထားသော ငါးဖမ်းကိရိယာ များ အသုံးပြုခြင်း၊ ငါးမျိုးသုဉ်းစေသော အဆိပ်ခပ်ခြင်း၊ မိုင်းခွဲခြင်း၊ လျှပ်စစ်ဒိုင်နမိုဖြင့်ဖမ်းယူခြင်း၊ ဘက်ထရီရှော့တိုက် ဖမ်းခြင်းများ ပြုလုပ်ပါက လိုင်စင်ဖျက်သိမ်းခံရမည်ဖြစ်သည့်အပြင် ကရင်ပြည်နယ်ရေချိုငါးလုပ်ငန်းဥပဒေအရ တရားစွဲ ခြင်းကို ခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    
စောမျိုးမင်းသိန်း(ပြန်/ဆက်)