နေပြည်တော်၊ အောက်တိုဘာ ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီးနှင့်အတူ အောက်တိုဘာ (၁) ရက် က ဘားအံမြို့နယ် ဇာသပြင်ကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးနိုင်ဝင်းအောင်၏ ကာကီကင်း (ဥစားဘဲ) အကောင်ရေ (၁၃၇၀၀)ကောင်နှင့် CP-ဝက်များ မွေးမြူထားရှိမှုကို သွားရောက် ကြည့်ရှုပြီး မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှု၊ အစားအစာ ဘေးကင်းလုံခြုံသော ထုတ်ကုန် ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဘားအံငါးလုပ်ငန်းစခန်း၌ ငါးမျိုးများထိမ်းသိမ်းမှု၊ ငါးသားဖောက်ခြင်း၊ ဖြန့်ဖြူးခြင်းနှင့် သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးပြီး ငါးသယံဇာတ လျော့ပါးမှုမရှိစေရေးအတွက် သဘာဝရေပြင်တွင် ငါးသားပေါက်များ စိုက်ထည့်ပေးခြင်းလုပ်ငန်းကို လျာထားချက်ပြည့်မီစွာဆောင်ရွက်ရန်၊ ငါးဆေးထိုးသားဖေါက် သင်တန်းများနှင့် ငါးမွေးမြူရေးဆိုင်ရာ နည်းပညာနှင့် အသိပညာ ပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တောင်သူ ဦးစောအောင်မြင့်၏ ငါးတန်၊ ငါးမုတ်နှင့် ငါးမြစ်ချင်းများ မွေးမြူထားရှိမှုနှင့် ထပ်မံတိုးချဲ့ ဆောင်ရွက်မည့် အခြေအနေများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဘားအံမြို့ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကရင်ပြည်နယ်၏ စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ စသည့် အဓိကသီးနှံများ၏ ပန်းတိုင်အတွက်နှုန်းရရှိရေး၊ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး အတွက် နည်းပညာနှင့် အကူအညီများဖြည့်ဆည်း ဆောင်ရွက်ပေးရန် ဆွေးနွေးမှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်နယ်အစိုးရ ဧည့်ရိပ်သာ၌ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တွေ့ဆုံ၍ ဒေသဝမ်းစာ ပိုလျှံရေး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး၊ ဒေသနှင့်ကိုက်ညီပြီး အလားအလာရှိသည့် ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ရေးနှင့် မွေးမြူရေးဇုန်များ တိုးချဲ့တည်ထောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဘားအံမြို့နယ် ဘားအံမွေးမြူရေးဇုန်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဥစားကြက်(၁၀)ယူနစ်၊ ဒေသကြက် (၁၃) ယူနစ်၊ ဆိတ် (၆၅) ယူနစ်၊ နွား(၁၅) ယူနစ်နှင့် သဘာဝမြေသြဇာ(၂) ယူနစ်ဖြင့် ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တောင်သူများနှင့် တွေ့ဆုံကာ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးလာရေး အတွက် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ဘားအံမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ စိုက်ပျိုးရေးသိပ္ပံ နှင့် ဒုံရင်း စိုက်ပျိုးမွေးမြူရေးအထက်တန်း ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ လက်တွေ့သင်ကြားရေး အဆောင်နှင့် နို့စားနွား၊ ဒေသနွားများ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဘားအံမြို့နယ် ကမော့ကစင်ကျေးရွာတွင် ကျင်းပသည့် မိုးစပါးရေကြီးနစ်မြုပ် ထိခိုက်သည့် လယ်များတွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ရောစပ်စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ကာ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို အချိုးကျ ပေါင်းစပ်ကြဲပက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်