ဘားအံ အောက်တိုဘာ ၁၀
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့်အတူ အောက်တိုဘာ ၁၀ ရက်က ဘားအံမြို့ အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းဘေးရှိ ဘားအံခရိုင် စိုက်ပျိုး ရေးဦးစီးဌာနရုံး မြေဧရိယာအတွင်း ဖွင့်လှစ်ထားရှိသော မျိုးစေ့နှင့် ပျိုးပင်အရောင်းဆိုင်ကို ကြည့်ရှုအားပေးသည်။
အဆိုပါ အရောင်းဆိုင်ကို စက်တင်ဘာ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်အတွင်းရှိ တောင်သူများနှင့် စိုက်ပျိုးရေး ဝါသနာရှင်များအနေဖြင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ၊ ပန်းအလှပင်များနှင့် သစ်သီးဝလံပျိုးပင်များကို ဈေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူစိုက်ပျိုးနိုင်စေရန်၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကိုအချိုး မျှတစွာရောစပ်၍ ဈေးနှုန်းချိုသာစွာဖြင့် အသုံးပြုစိုက်ပျိုးတတ်စေရန်၊ ပိုးမွှားရောဂါနှင့် ပတ်သက်၍ ပိုးသတ်ဆေးများ စနစ်တကျ အသုံးပြုတတ်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးဦးစီးဌာန၏ မျိုးစေ့နှင့် ပျိုးပင်အရောင်းဆိုင်အတွင်းရှိ ဟင်းသီး ဟင်းရွက် မျိုးစေ့ပေါင်း ၄၅ မျိုး၊ ဟင်းသီး ဟင်းရွက်ပျိုးပင်ပေါင်း အမျိုး ၂၀၊ ပန်းအလှပျိုးပင်ပေါင်း ၁၅ မျိုး၊ သစ်သီးဝလံ ပျိုးပင်ပေါင်း အမျိုး ၄၀၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေး၊ ပေါင်း သတ်ဆေးများ၊ ဆေးဖျန်းပုံးများ၊ စိုက်ပျိုးရေးနည်းပညာဥယျာဉ်မှ ထုတ်လုပ်သော နနွင်း၊ ငရုတ်ကောင်း၊ လက်ဖက်ခြောက်၊ အာလူး ကြော်၊ ကန်စွန်းဥကြော် အစရှိသည့် ဒေသထွက်စိုက်ပျိုးရေး ထုတ်ကုန်များ၊ စားသောက်ကုန်များကို လှည့်လည် ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး နော်သူးလေထီးနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသရောင်းချ နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့်အတူ နံနက် ၁၀ နာရီခန့်က ကော့ကရိတ်မြို့နယ် တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် စက်မှုဇုန်၊ စီးပွားရေးလုပ်ငန်းဇုန်နှင့် အဝေးပြေးကား ကြီးဝင်း စီမံကိန်းနှင့် ပတ်သက်၍ လာရောက်တွေ့ဆုံရှင်းလင်း သည့် Synerguy Force Group Limited အား ပြည်နယ်အစိုးရ အဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် Syner-guy Force Group Limited မှ Chief Executive Officer ဦးဇော် နိုင်သိန်းနှင့်အဖွဲ့က လူဦးရေ ၅၀၀၀၀ ခန့်အား အလုပ်အကိုင် အခွင့်အလမ်းများရရှိစေမည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံ ခန့်ခွဲရေး ဗဟိုကော်မတီမှ ခွင့်ပြုထားသည့် မြေဧရိယာ ၃၉၁ ဧကပေါ်တွင် အဝေးပြေးကားဂိတ်နှင့် ဆက်စပ်လုပ်ငန်းများ၊ ကုန်သွယ်ရေးနှင့် ဆက်စပ်လုပ်ငန်းများ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးမွေးမြူရေးကို အခြေပြုသော တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်သည့်လုပ်ငန်း စသည်ဖြင့် စီမံကိန်းနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်ထားမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)