ဘားအံ ဇူလိုင် ၂၂
ကရင်ပြည်နယ်အတွင်း ဆန္ဒမဲပေးခွင့်ရှိသူတိုင်း နိုင်ငံသားကတ် ကိုင်ဆောင်မဲပေးနိုင်ရေးနှင့် မဲစာရင်းမှန်ကန် ရေးတို့အတွက် e-ID စနစ်ကို အသုံးပြု၍ နိုင်ငံသားကတ် ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် နိုင်(၄)၊ အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ ၆၆/၆ တို့ကို ကွန်ပျူတာအတွင်း ရေးသွင်းခြင်းကို ဘားအံမြို့ ကရင်ပြည်နယ် လွှတ်တော်ရုံးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးရုံးတို့တွင် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးပြီး လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ပြတ်တောက်မှုမရှိစေရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များ မှာကြားကာ ပြည်နယ်ဝန်ကြီးချုပ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများအတွက် ငွေကျပ် သုံးသိန်း ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်သာယာ ဦးပေါက်တံတား၌ ယာဉ်ရပ်နားရာနေရာ ဆောင်ရွက်နိုင်ရေးနှင့် ဘားအံ-လှိုင်းဘွဲလမ်းမကြီး မဲဘောင်လမ်းပိုင်း၌ လမ်းဘေးဝဲယာရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူ၊ အင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)