လှည်းကူး ၂၉ သြဂုတ်
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်အတွင်း ဒေသဖွံဖြိုးတိုးတက်စေရေးအတွက် စက်မှုဥယျာဉ်မြို့တော် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို သြဂုတ် ၂၇ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
တွေ့ဆုံဆွေးနွေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက လှည်းကူးမြို့နယ် စက်မှုဥယျာဉ်မြို့တော်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကိစ္စနှင့်ပတ်သက်၍ (၉-၇-၂၀၁၉)ရက်နေ့တွင် လွှတ်တော်သို့တင်ပြခဲ့ပြီး (၁၂-၇-၂၀၁၉)ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း၊ စီမံကိန်းအတွက် မြေဧရိယာနှင့်မလွတ်နိုင်သည့် တောင်သူများနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ပြည်တွင်း/ပြည်ပကုမ္ပဏီများဖြင့် လွှတ်တော်ပြင်ပ၌လည်း ဆွေးနွေးမှုပြုလုပ်ခဲ့သည်မှာ (၂)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း၊ စီမံကိန်းအတွက် လျှပ်စစ်စွမ်းအင်မှာ ပထမပိုင်း၌(၄၀)ရာခိုင်နှုန်းသာ ရရှိမည်ဖြစ်ပြီး သောက်သုံးရေမှာလည်း တစ်ရက်လျှင် ရေ ဂါလန်(၄)သန်းခန့်လိုအပ်မည်ဖြစ်သဖြင့် ၎င်းကိစ္စများအတွက် စိုးရိမ်ပူပန်မိကြောင်း၊ ယခုစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် သဘောတူညီခဲ့သော စီမံကိန်းဖြစ်ပြီး ဒေသခံတောင်သူများ၏ သဘောတူညီချက် ရှိ/မရှိ စိစစ်၍ ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း၊ စီမံကိန်းအတွက် မြေကိုအခြားနည်း အသုံးပြုခွင့်ရရှိရေးအတွက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်ဖြင့် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြပေးရမည် ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသော တောင်သူများမှ သိရှိလိုသည်များအား အသီးသီး ဆွေးနွေးတင်ပြခဲ့ရာ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက "(၂၈-၈-၂၀၁၉)ရက်နေ့၌ မြေတိုင်းတာခြင်း လုပ်ငန်းများဆောင်ရွက်မှုပြုလုပ်ရာတွင် တောင်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း"ဖြင့် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
လှည်းကူးမြို့နယ် စီမံကိန်းအား မြေဧရိယာ(၁၄၀ဝ)ဧကခန့်တွင် ဆောင်ရွက်ရန်စီစဉ်ထားရှိပြီး ဆောင်ရွက်မည့် မြေဧရိယာတွင် ပိုက်ကြီးဝဲကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ ညောင်တခြမ်းကျေးရွာအုပ်စုနှင့် အုန်းနှဲကုန်းကျေးရွာအုပ်စုတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)


