ကသာ ၃ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ကသာမြို့တွင် ဇူလိုင် ၂ ရက်နေ့တိုင်းတာချက်အရ ဧရာဝတီမြစ်ရေအခြေအနေ သည် (၉၀၆) စင်တီမီတာသို့ ရောက်ရှိနေပါသဖြင့် ကသာမြို့ပေါ်ရှိ ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် နေထိုင်သော ဒေသခံပြည်သူများအား မိုးကာလအတွင်း မိုးလေဝသသတင်းများနှင့် မြစ်ရေအခြေအနေ ထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ် သတိပြုနိုင်ရန်နှင့် ရေဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်အချက်များ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကသာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် မြစ်ကမ်းတစ်လျှောက်နေထိုင်သော ပြည်သူများအား မိုးကာလအတွင်း မိုးလေဝသ သတင်းများနှင့် မြစ်ရေအခြေအနေထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ် သတိပြုနိုင်ရန်နှင့် ရေဘေးအန္တရာယ်ဆိုင်ရာ ရှောင်ရန်၊ ဆောင်ရန်အချက်များ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းအပြင် ရေဘေးပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ရေဘေးပညာပေးပိုစတာကပ်ခြင်း စသည့် ရေဘေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ကသာမြို့နယ်တွင် ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် (၁၀၄၀) စင်တီမီတာဖြစ်ပြီး ဇူလိုင် ၃ ရက်နေ့၊ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေ အခြေအနေသည် (၉၀၄) စင်တီမီတာရှိကြောင်း၊ ကသာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် မိုးတွင်းကာလ၌ ပြည်သူများအား ရေဘေးနှင့်ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)


