ကသာ ၂၆ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကသာမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ View Point ၌ ကျင်းပပြုလုပ်သည်။
ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးမျိုးများစိုက်ထည့်ရာတွင် ငါးလုပ်ငန်းဖွံ့ ဖြိုးတိုးတက်လာစေရန်၊ ငါး မျိုးပြုန်းတီးမှုကို ကာကွယ်တားဆီးရန်၊ ရေချိုငါးလုပ်ငန်း ရေပြင်များ ပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ရန်၊ တိုင်းဒေသကြီးဘဏ္ဍာငွေအတွက် ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန်၊ ငါးလုပ်ငန်းများကို ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း ပြုနိုင်စေရန်၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ငါးသယံဇာတများကို ဈေးနှုန်းချိုသာစွာ စားသုံးနိုင်စေရန်နှင့် ရပ်ရွာအခြေပြုငါးလုပ်ငန်းအစုအဖွဲ့များ စနစ်တကျဖွံ့ဖြိုးတိုး တက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ငါးမျိုးများကို စိုက်ထည့်ပေးလျက်ရှိပြီး ကသာမြို့တွင် ငါးမြစ်ချင်း ငါးသား ပေါက်ကောင်ရေ(၃)သိန်း နှင့် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ (၁)သိန်း၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ (၄)သိန်းတို့ကို ကသာခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ငါးမျိုးများကို ဧရာဝတီမြစ်အတွင်း စိုက်ထည့်ခဲ့ကြောင်း သိရသည်။
"ရေချိုငါးသယံဇာတတွေဟာ တစ်နှစ်နှင့် တစ်နှစ် လျော့ပါးလာဆဲဖြစ်သလို ငါးသယံဇာတများကို စဉ်ဆက်မပြတ် ရေရှည်ထုတ်ယူစား သုံးနိုင်ရေးအတွက် အဓိကထားပြီး ငါးမျိုးစိုက် ထည့်တာဖြစ်တယ်။ ငါးမျိုးစိုက်ထည့်ရာမှာ ဧရာဝတီမြစ်အတွင်းသာမကဘဲ အခြားသော ဆည်၊ ချောင်းနှင့် စပါးခင်းတွေအတွင်းမှာလည်း ငါးမျိုးများ အခမဲ့စိုက်ထည့်ပေးလျက်ရှိတယ်" ဟု ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးထွန်းလှအောင်က ပြောသည်။
ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ခရိုင်အတွင်းရှိ ထီးချိုင့်မြို့နယ်တွင်လည်း ငါးသားပေါက်အကောင်ရေ(၄)သိန်းတို့ကို စိုက်ထည့်ပြီးဖြစ်ပြီး ကျန်ရှိသည့် အင်းတော်နှင့် ဗန်းမောက်မြို့နယ်များတွင်လည်း ငါးမျိုးများစိုက်ထည့်ခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ရဲအောင်(ပြန်/ဆက်)


