ကသာ ၃၀ သြဂုတ်
မွန်ပြည်နယ် သဘာဝဘေးသင့်ပြည်သူများ ကသာမြို့နယ်နှင့် အင်းတော်မြို့နယ်တို့မှ စေတနာရှင်များ၊ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များမှ အလှူခံရရှိသော အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆန်နှင့် အလှူငွေများအား သြဂုတ်လ (၂၆) ရက်နေ့တွင် ကသာမြို့မှ စတင်ထွက်ခွာပြီး သွားရောက်လှူဒါန်းမှုများ ပြုလုပ်နေကြောင်းကို ကသာမြို့နယ် ပရဟိတလူငယ်များ ကွန်ရက်အဖွဲ့ အသင်းဥက္ကဋ္ဌ ဦးတင်မြင့်အောင် ထံမှ သိရသည်။
အဆိုပါ အလှူခံရရှိသော လှူဒါန်းငွေ ပစ္စည်းများကို မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ရှိ ရေဘေးသင့်ကျေးရွာများဖြစ်သော လမုခို၊ အောင်ဗလ၊ ဝါးပျံကုန်း၊ ညောင်ကုန်း၊ ကျိုက်ထော်၊ မရင်းကုန်း ကျေးရွာများရှိ ရေဘေးသင့် အိမ်ထောင်စု (၅၄၃) စု အတွက် တစ်အိမ်ထောင်လျှင် ဆန် (၄) ပြည်နှုန်း၊ ငွေ (၁) သောင်း ကျပ် နှုန်း ၊ လက်ဖက်ထုပ်နှင့် အဝတ် အထည်များကို (၂၈-၈-၂၀၁၉) ရက်နေ့တွင်လည်းကောင်း၊ ပေါင်မြို့နယ် သဲဖြူကုန်းရွာ မြေပြိုမှု ကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီး ကျောင်းတည်ဆောက် ပြုပြန်ရန် အလှူငွေ (၇) သိန်း ကျပ် နှင့် အခြားအသုံးအဆောင် ပစ္စည်းများ၊ မြေပြိုမှု ကြောင့် သေဆုံးသွားသော အိမ်ထောင်စု (၄) စု မှ သေဆုံးသူ (၅) ဦးအတွက် ကျပ် (၁) သိန်း နှုန်း ကို (၂၉-၈-၂၀၁၈) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပြီး စုစုပေါင်း လှူဒါန်းမှုတွင် ငွေကျပ် သိန်း (၁၅၀) ကျော်ခန့် လှူဒါန်းပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
ဟန်မျိုးကျော် (ကသာ)


