ကသာ ၁၁ ဇူလိုင်     

   

စစ်ကိုင်းဒေသကြီး၊ ကသာမြို့နယ် တုန်းပေါကျေးရွာနှင့် သဖန်းကိုင်း-ရပ်ကွက် (၁၀)ကြားရှိ ဧရာဝတီမြစ်နှင့် ဆက်စပ်လျက်ရှိသည့် သွေးကျောက်ချောင်းနေရာတွင် ဖြတ်သန်းသွားလာရေး အဆင်ပြေလွယ်ကူစေရန် ယာယီသစ်သားတံတားအား ဒေသခံများ စုပေါင်း၍ ရက်ပိုင်းတွင်း အပြီးဆောက်လုပ်လျက်ရှိကြောင်း တုန်းပေါကျေးရွာအုပ်စု ဒေသခံများထံမှ သိရသည်။

 

ကသာမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက် ဆက်သွယ်ထားသော သွေးကျောက်ချောင်းကူးတံတား ကွန်ကရစ်တံတား ဆောက်လုပ်လျက်ရှိရာ အများပြည်သူ သွားလာမှု လွယ်ကူစေရန် ယာယီသစ်သားတံတား ဆောက်လုပ်ပေးထားသော်လည်း  ဇွန်(၁၉) ရက်တွင် ဧရာဝတီမြစ်ရေတိုးမှုကြောင့် ရေမျှောသွားခြီဲ့း ကွန်ကရစ်တံတား တည်ဆောက်နေခြင်းမှာလည်း ရပ်နားထားကြောင်း သိရသည်။

 

ထိုကဲ့သို့ ယာယီသစ်သားတံတား ရေမျှောသွားခြင်းကြောင့် သွားလက်ရေးခက်ခဲသဖြင့် အဆင်ပြေလွယ်ကူစေရန် ဇွန် (၂၀) ရက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် သင့်တော်သော နှုန်းထားဖြင့် ယာယီကူးတို့ စီစဉ်ထားရှိသော်လည်း ဘိုကုန်းရွာနှင့် တုန်းပေါရွာရှိ ဒေသခံများက တံတားဖြင့်သာ သွားလာရေး အဆင်ပြေမှာဖြစ်သဖြင့် စုပေါင်းပြီး ယခုကဲ့သို့ ယာယီချောင်းကူးသစ်သားတံတား ဆောက်လုပ်နေကြခြင်း ဖြစ်ကြောင်း တုန်းပေါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ထွန်းက ပြောသည်။

 

"ယာယီကူးတို့နဲ့ဆိုတော့ ခေါက်တုန်းခေါက်ပြန် တစ်ရက်ကို ငါးခေါက်လောက် သွားရတော့ အဆင်မပြေဘူးပေါ့၊ မိသားစုတစ်စုမှာ အနည်းဆုံးတော့ တစ်ရက်ကို နှစ်ခါ သုံးခါလောက် ဖြတ်ကူးရတယ်၊ ကလေးတွေကို ကျောင်းပို့၊ ကျူရှင်ပို့၊ ထမင်းပို့ပေါ့၊ နောက်ပြီး ဈေးရောင်း၊ ဈေးဝယ်တွေ သွားရတယ်လေ၊ တံတားနဲ့မှ အဆင်ပြေမှာမို့ ဇူလိုင်(၉) ရက်က စတည်ဆောက်နေတယ်၊ မနက်ဖြန်လောက်ပြီးမယ်လို့ ခန့်မှန်းထားတယ်" ဟု တုန်းပေါကျေးရွာနှင့် သဖန်းကိုင်း-ရပ်ကွက် (၁၀) နေထိုင်သူ ဦးရဲကျော်က ပြောသည်။

 

အဆိုပါ ချောင်းကူး သစ်သားတံတား ဆောက်လုပ်ရာတွင် လက်သမားပညာရှင် ဦးဇော်လှိုင်း  ဦးဆောင်ညွှန်ကြားပေးမှုဖြင့် ဒေသခံများက စက်အား၊ လူအင်အား (၂၀)ကျော်ဖြင့် စုပေါင်းပါဝင် ဆောက်လုပ်လျက်ရှိပြီး တံတားအရှည်ပေ (၁၄၀)၊ အကျယ်ပေ (၃၀) ရှိကာ သစ်သားတိုင် အလုံးပေါင်း (၂၂) လုံး အသုံးပြု၍ တည်ဆောက်နေခြင်းဖြစ်ပြီး ဆိုင်ကယ်နှင့် လူ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

နိုင်လင်းထက်(ပြန်/ဆက်)