၂ ဇွန် 

 

ကုက္ကိုင်းရေကူးအသင်း၏ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဆရာစံလမ်းရှိ အဆိုပါရေကူးကန်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရှေးဦးစွာ သဘာပတိ ဒေါက်တာခင်ရွှေက အဖွင့်အမှာစကားပြောကြားပြီး  ၂၀၁၈-၂၀၁၉ ခုနှစ် အမှုဆောင်ကော်မတီ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းကို အတွင်းရေးမှူး ဦးပြည့်လင်းက ဖတ်ကြားတင်ပြသည်။ ယင်းနောက် စာရင်းစစ်ခန့်အပ်ကာ အမှုဆောင်ကော်မတီဝင်များကို မိတ်ဆက်ပေးသည်။ ဆက်လက်၍ အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဦးတောက်ထွန်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး အလှည့်ကျသဘာပတိ ဦးငြိမ်းကျော်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။ ယင်းနောက် ကုက္ကိုင်းရေကူးအသင်း နာယကများ၊ အမှုဆောင်ကော်မတီဝင်များနှင့် တာဝန်ရှိသူများ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြပြီး (က) အသင်းဝင်များအတွက် ကံစမ်းမဲဖောက်ပေးသည်။

 

ကုက္ကိုင်းရေကူးအသင်းကို ၁၉၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း ၁၁၀ ကျော်ရှိသည့် ရေကူးအသင်းဖြစ်ကာ နှစ်စဉ်ရေကူးသင်တန်းများ ဖွင့်လှစ်ခြင်း၊ အသင်းဝင်များအတွက် ကံစမ်းမဲအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးလျက်ရှိသည်။ 

 

သတင်း-ဖိုးသော်ဇင်

 

ဓာတ်ပုံ-စိုးညွန့်