စစ်တွေ ၁၂ ဇူလိုင်
ရခိုင်ပြည်နယ်စစ်တွေမြို့၌ ရောက်ရှိနေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Schraner Burgener နှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ပြည်နယ်ဝန်ကြီးများနှင့်တွေ့ဆုံ၍ ရခိုင်ပြည်နယ်လူမှု စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်၏လတ်တလောအခြေအနေများ၊ ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ထို့နောက် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်ဝန်ကြီး ဦးဝင်းမြင့်တို့နှင့်အတူ စစ်တွေမြို့သက္ကေပြင်ကျေးရွာသို့ သွားရောက်၍ IDP စခန်းတွင်နေထိုင်ကြသည့် မိသားစုဝင်များနှင့်တွေ့ဆုံပြီး စခန်းအတွင်းလှည့်လည် ကြည့်ရှုကာ သက္ကေပြင်ကျေးရွာ၊ ကျန်းမာရေးဆေးပေးခန်း၌ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများနှင့် ကျေးရွာအတွင်းရှိ အမှတ်(၁၀)အခြေခံ ပညာအထက်တန်း ကျောင်းတွင် ကျောင်းသူ/ ကျောင်းသားများစာပေသင်ကြားနေမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် စစ်တွေလေဆိပ်မှရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြသည်။
သတင်း - အောင်ရဲသွင်
ဓာတ်ပုံ - တင်ထွန်း (ပြန်/ဆက်)


