နေပြည်တော် ၅ ဇွန်
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325) နှင့် ဆက်စပ်ကုလသမဂ္ဂဆုံးဖြတ်ချက်များနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ယနေ့အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနှင့် UNWomen တို့ပူးပေါင်းပြီး UNSCR 1325 နှင့် ဆက်စပ်ကုလသမဂ္ဂ ဆုံးဖြတ်ချက်များအရ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးနိုင်ရန်အတွက် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း။
UNSCR 1325 နှင့် ဆက်စပ်ကုလသမဂ္ဂဆုံးဖြတ်ချက်များမှာ ငြိမ်းချမ်းရေး တည်ဆောက်ခြင်း လုပ်ငန်းစဉ်များတွင် အမျိုးသမီးများအနေဖြင့် ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် အဆင့်များတွင် ပါဝင်မှုရှိစေရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအား လိင်ပိုင်းဆိုင်ရာနှင့် ကျား၊ မရေးရာအခြေပြု အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်မှုပေးရေး၊ အမျိုးသမီး အခွင့်အရေးများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးတို့ ဖော်ပြပါရှိပါကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂)အရ ဖွဲ့စည်းထားသည့် အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နည်းပညာလုပ်ငန်းအဖွဲ့ ပူးပေါင်းပါဝင်မှု၊ UN Women ၏ ပံ့ပိုးမှုဖြင့် UNSCR 1325 ဆက်စပ်ကုလသမဂ္ဂဆုံးဖြတ်ချက်များ အကောင်အထည်ဖော်နိုင်ရေး အတွက်အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ရေးဆွဲနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီမံချက်ကိုရေးဆွဲရာတွင်လည်း ကဏ္ဍစုံမှ ပါဝင်အကြံပြုဆွေးနွေး ပေးစေလိုပါကြောင်း၊ နော်ဝေနိုင်ငံအစိုးရ၏ ပံ့ပိုးမှုဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် UNWomen ကအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “Centering Women and Their Priorities in Myanmar’s Peace Process Phase II (၂၀၁၇-၂၀၂၀) စီမံချက်ဟာ UNSCR 1325 နှင့် ဆက်စပ်ကုလသမဂ္ဂ ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ရာတွင် များစွာအထောက်အကူဖြစ်မှာ ဖြစ်ပါကြောင်း၊ စီမံချက် Phase II ဆောင်ရွက်ရာတွင် Phase I ၏ အောင်မြင်မှု၊ စိန်ခေါ်မှုများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း၊ Monitoring and Evaluation တွင် အရေးပါပါကြောင်း၊ Review လုပ်ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ နော်ဝေနိုင်ငံသံအမတ်ကြီး Ms.Tone Tinnes က နော်ဝေအစိုးရမှ ပံ့ပိုးကာ UN Women နှင့် ပူးပေါင်းပြီး အကောင်ထည်ဖော်လျက်ရှိသော အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ပြည်နယ်အဆင့် လုပ်ငန်းစီမံချက် ရေးဆွဲနိုင်မှုအပေါ် ဂုဏ်ပြုပါကြောင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့်လည်း ရှေ့လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး UN Women မှ ဌာနေကိုယ်စားလှယ် Mr.Nicolas Burniat ကလည်း အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်